ကြံခင်းမြို့ မြို့မရပ်ကွက် ပန်းကုံးရပ်တွင် ဒီပင်္ကရာမြတ်စွာဘုရား ပင့်ဆောင်ပူဇော်ပွဲကျင်းပ

ကြံခင်း ဧပြီ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့၊ မြို့မရပ်ကွက်၊ ပန်းကုံးရပ်နေ ဗုဒ္ဓဘာသာဝင် ပြည်သူများက နှစ်စဉ်နှောင်းတန်းခူးလဆန်းမဟာသင်္ကြန်အကြိုနေ့မှ မဟာသင်္ကြန်အကြတ်နေ့အထိ ဒီပင်္ကရာမြတ်စွာဘုရား ပင့်ဆောင်ပူဇော်ပွဲကျင်းပလေ့ရှိကြောင်း သိရသည်။

၁၃၈၃ ခုနှစ် နှောင်းတန်ခူးလဆန်း(၁၃)ရက် မဟာသင်္ကြန်အကြိုနေ့နံနက်ချိန်ခါတွင် ဒီပင်္ကရာ မြတ်စွာဘုရားကြီးအာ ပန်းကုံးရပ်နေ ဗုဒ္ဓဘာသာဝင်ပြည်သူများမှ ပင့်ဆောင်ပူဇော်ပြီး မြို့ပေါ်ရပ်ကွက်လမ်းများသို့ ဒေသစာရီ လှည့်လည်အပူဇော်ခံရာ စေတနာရှင် ပြည်သူများမှ လှူဖွယ်ဝတ္ထုအစုစု ဆက်ကပ်လှုဒါန်း ပူဇော်ကြကြောင်းနှင့် ဂိုဏ်းထောက်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစန္ဒောဘာသ (သာသနာဓဇဓမ္မာစရိယအကျော်) မှ ဒီပင်္ကရာဘုရားကြီးအား ပင့်ဆောင်ပြီး ကျောင်းတိုက်အတွင်း နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပြီး မြို့မရပ်ကွက် ပန်းကုံးရပ်ရှိ ဂန္ဓကုဋိတိုက်တွင် အပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဘုရားပွဲကို ၁၃၈၃ ခုနှစ် နှောင်းတန်ခူးလဆန်း(၁၃)ရက် မဟာသင်္ကြန်အကြိုနေ့မှ နှောင်းတန်ခူးလဆန်း(၁၅)ရက်နေ့ မဟာသင်္ကြန်အကြတ်နေ့အထိ အပူဇော်ခံကျင်းပမည်ဖြစ်ရာ ညစဉ် ဆရာတော်ကြီးများမှ တရားဒေသနာတော်များ ချီးမြှင့်ဟောကြားခြင်း၊ အရုဏ်ဆွမ်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် မဟာသင်္ကြန်အတက်နေ့တွင် မြို့ပေါ်ကျောင်းပေါင်း (၃၈) ကျောင်းမှ ဆရာတော်၊ သံဃာတော်များကို အရုဏ်ဆွမ်းလောင်းလှူပြီး ဒီပင်္ကရာမြတ်စွာဘုရားကြီး ကိန်းဝပ်စံပယ်တော်မူရာ ဂန္ဓကုဋိတိုက်သို့ နောက်ပါသံဃာများဖြင့် ပြန်လည်ပူဇော် ပင့်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် မဟာသင်္ကြန်အကြတ်နေ့ ညနေပိုင်းတွင် နှစ်စဉ်ကျင်းပလျက်ရှိသော သက်ကြီးပူဇော်ပွဲကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကြံခင်းမြို့၊ မြို့မရပ်ကွက်၊ ပန်းကုံးရပ်တွင် ဒီပင်္ကရာဘုရားပွဲ နှစ်စဉ်ကျင်းပခြင်းနှင့် ပတ်သက်ပြီး ပန်းကုံးရပ်ရှိပြည်သူတစ်ဦးမှ “ကျွန်တော်တို့ ဘုရားပွဲကြီး ကျင်းပခဲ့တာ ဘိုးဘွားလက်ထက်ထဲက လက်ဆင့်ကမ်း ရှေးဟောင်းအမွေအဖြစ် ပြုလုပ်ခဲ့တာ ဖြစ်တယ်၊ နှစ်ပေါင်းတစ်ရာကျော်ရှိပြီး ဟိုးအရင်ကဆို ပန်းကုံးရပ်ပြည်သူလူငယ်၊ လူရွယ်တွေ စုပေါင်းပြီး ပဒေသာကပွဲများနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြတယ်၊ ကိုဗစ်ကပ်ရောဂါကာလမှစပြီး ကပွဲတွေမပါဘဲ ဘုရားပင့်ဆောင်ပွဲပဲ ကျင်းပတော့တယ်။ နောင်နှစ်တွေမှာလည်း ဆက်လက်ကျင်းပသွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

မြို့နယ်(ပြန်/ဆက်)