ပွင့်ဖြူမြို့နယ်၌ မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးသည့် နွေနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းသော်လည်း ရာသီဥတုအပူဒဏ်ကြောင့် မညှိုးနွမ်းစေရန် ဒေသခံတောင်သူများ နေ့စဉ် ရေဖျန်းပေးနေရ

ပွင့်ဖြူ ဧပြီ ၁၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးသည့် နွေနှမ်းစိုက်ခင်းများ အပင်ပေါက်ကောင်းပြီး အောင်မြင်ဖြစ်ထွန်း မှုရှိကြောင်းသိရကာ ရာသီဥတု အပူရှိန်ကြောင့် ထိခိုက်မှုမရှိစေရေးအတွက် ရေစုပ်စက်များဖြင့် နေ့စဉ် ရေဖျန်းပေးနေရကြောင်း ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ နွေနှမ်းစိုက်ပျိုးတောင်သူများထံမှ သိရသည်။

ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ နွေသီးနှံအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် မဲဇလီရေလွှဲဆည်မှ ဆည်ရေကို မတ်လ(၁) ရက်နေ့ကစပြီး တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့မှ တစ်ဆင့် လယ်ယာမြေစိုက်ခင်းများအရောက် စနစ်တကျ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများက ဆည်ရေရရှိသည့်အချိန်တွင် နွေသီးနှံစိုက်ပျိုးဧက လျာထား ချက် ပြည့်မီရေးအတွက် မိမိတို့၏ လယ်ယာမြေများကို ထယ်ရေးညက်အောင် ထွန်ယက်ခြင်း၊ မြေဩဇာကျွေးခြင်းနှင့် အမှိုက်သရိုက်နှင့် ပေါင်းများရှင်းလင်းခြင်းလုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကာ နွေနှမ်းကို အချိန်မီ စိုက်ပျိုးခဲ့ကြသဖြင့် ယခုအခါ ဒေသခံတောင်သူများ စိုက်ပျိုးထားသည့် နွေနှမ်းစိုက်ခင်းများမှာ အပင်ပေါက်ကောင်းမွန်ပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိ နေကြောင်းသိရသည်။

"ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်မှာ ဒေသခံတောင်သူများ မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးသည့် နွေနှမ်းစိုက်ခင်းများ အပင်ပေါက်ကောင်းမွန်ပြီး အောင်မြင်ဖြစ်ထွန်းမှုရှိပါတယ်။ ဒါပေမယ့် ယခုရက်ပိုင်း ရာသီဥတု အပူချိန်မြင့်တက်မှုကြောင့် နွေနှမ်းစိုက်ခင်းများ ထိခိုက်ပျက်စီးမှုမရှိအောင် ဒေသခံတောင်သူ များက ရေစုပ်စက်များဖြင့် နွေနှမ်းစိုက်ခင်းများကို နေ့စဉ် ရေဖျန်းပေးနေရပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ နွေသီးနှံစိုက်ပျိုးရာသီမှာ နွေစပါးရော နွေနှမ်းရော (၂)မျိုးလုံးကို စိုက်ပျိုးပါ တယ်။ ဒီနှစ်မှာတော့ ဆည်ရေအဝင်နည်းတဲ့အတွက် နွေနှမ်းအတွက်ကိုပဲ ဆည်ရေပေးဝေနိုင်တာဖြစ်လို့ တောင်သူတွေက နွေနှမ်းကိုပဲ အားထားစိုက်ပျိုးကြပါတယ်။ ကျွန်တော်တို့ ဒေသဟာ နွေစပါးရော နွေနှမ်းရော စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှု ရှိတာဖြစ်လို့ သီးနှံပေါ်ချိန် ဈေးကောင်းရရှိဖို့အတွက်ကိုပဲ မျှော်လင့်ပါ တယ်" ဟု ပွင့်ဖြူမြို့နယ်ညောင်ပင်စောက်ကျေးရွာမှ နွေနှမ်းစိုက်ပျိုးတောင်သူ ဦးကျော်ဆန်းက ပြောသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲဆည်ရေဖြင့် နွေနှမ်း ၆၀၄၂၈ ဧက ၊ မင်းဘူး (စကု)မြို့နယ်အတွင်းရှိ အိုင်းမရေလွှဲဆည်ရေဖြင့် ဧက ၅၀၀ ၊ စုစုပေါင်း နွေနှမ်းစိုက်ပျိုးဧက ၆၀၉၂၈ ဧက လျာထားစိုက်ပျိုးဆောင်ရွက်ထားရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)