မြိတ် ဧပြီ ၁၅
မြန်မာ့ရိုးရာမဟာသင်္ကြန်ကာလအတွင်း မြိတ်ကျွန်းစုရှိ သဘာဝအလှတရားများဖြင့် သာယာလှပလျက်ရှိသည့် စမတ်ကျွန်းအပါအဝင် ကျွန်းများသို့ ဒေသခံပြည်သူများအပြင် အနယ်နယ်အရပ်ရပ်မှ ပြည်တွင်းခရီးသွားများမှ မိသားစုအလိုက်၊ အစုအဖွဲ့များအလိုက် မြိတ်ဆိပ်ကမ်းမှ SPEED BOAT များဖြင့် အပန်းဖြေခရီး သွားရောက်လည်ပတ်လျက်ရှိကြသည်။
သင်္ကြန်ကာလအတွင်း အပန်းဖြေခရီး သွားရောက်လည်ပတ်ကြသည့် ကျွန်းခရီးစဉ်များမှာ စမတ်ကျွန်း၊ လေးကျွန်း၊ သမီးလှကျွန်း၊ မင်းသားကျွန်း၊ ဒုံးရေတံခွန်၊ ဒုံးညောင်မှိုင်း(ဆလုံကျေးရွာ)၊ ဘီလီကျွန်းနှင့် ကြယ်လိပ်ကျွန်းတို့ကို သွားရောက်လည်ပတ်ကြကြောင်း၊ အဆိုပါကျွန်းများသို့ ခရီးသွားများက နေ့ချင်းပြန်ခရီး သွားရောက်လည်ပတ်ကြသလို ညအိပ်ခရီး လည်ပတ်ကြသူများလည်းရှိကြကြောင်း ခရီးသွား လုပ်ငန်းလုပ်ကိုင်နေသူများထံမှ သိရသည်။
“ယခုနှစ် သင်္ကြန်ကာလ ကျွန်းအပန်းဖြေခရီးစဉ် လာရောက်လည်ပတ်ကြသူတွေ ကိုဗစ်ရောဂါမဖြစ်ပွား ခင်ကာလကထက် တော်တော်နည်းပါတယ်။ ယခင်ကာလ ခရီးသွားများ၏ (၃၀)ရာခိုင်နှုန်းသာ လာရောက်လည်ပတ်ကြပြီး သင်္ကြန်ကာလအတွင်း တစ်နေ့လျှင် SPEED BOAT (၁၀)စီးဝန်းကျင်ဖြင့် ပို့ဆောင်ပေးလျက်ရှိပါတယ်။ ခရီးသွားများအနေဖြင့် ညအိပ်အပန်းဖြေခရီး သွားရောက်လည်ပတ်မှုလည်းများပြားကြပါတယ်” ဟု ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ကျွန်းအပန်းဖြေခရီး နေ့ချင်းပြန် အသွားအပြန်တခေါက်ကို သွားရောက်လည်ပတ်ကြသည့် ကျွန်းခရီး စဉ်ပေါ်မူတည်၍ တစ်ဦးလျှင် တစ်သိန်းနှစ်သောင်းကျပ်မှ နှစ်သိန်းကျပ်အထိ၊ ညအိပ်ခရီးစဉ်အနေဖြင့် လေးကျွန်း ညအိပ်ခရီးစဉ်တွင် တစ်သိန်းရှစ်သောင်းကျပ်နှင့် စမတ်ကျွန်း၊ ဘီလီကျွန်း၊ ကြယ်လိပ်ကျွန်း ညအိပ်ခရီးစဉ်တွင် သုံးသိန်းကျပ်ဖြင့် ခရီးသွားဧည့်သည်များ သွားရောက်လည်ပတ်လိုကြသည့် ခရီးစဉ်များကို ခရီးသွားလုပ်ငန်း ကုမ္ပဏီများမှ ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
ခိုင်ထူး( မြိတ်၊ ပြန်/ဆက်)