ကော့သောင်းမြို့ သင်္ကြန်အကြတ်နေ့ ပင်လယ်သင်္ကြန်ပွဲဆင်နွှဲရန် ပြည်တွင်းခရီးသွားဧည့်သည် အများအပြားလာရောက်လည်ပတ်

ကော့သောင်း ဧပြီ ၁၅

မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အကြတ်နေ့ဖြစ်သည့် ဧပြီလ ၁၅ ရက်နေ့နံနက်ပိုင်းက မြန်မာနိုင်ငံတစ်ဝန်းမှ ပြည်တွင်းခရီးသွားဧည့်သည်များ ပင်လယ်အပန်းဖြေခရီးထွက်ရင်း ပင်လယ်သင်္ကြန်ပွဲတော် အားဆင်နွှဲရန် ကော့သောင်းမြို့သို့ အများအပြားလာရောက်လည်ပတ်ကြသည်ကို စည်ကားစွာတွေ့ရသည်။

ကော့သောင်းမြို့၏ မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော်အား နှစ်စဉ် ရိုးရာအစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိရာ ယခုနှစ် တနင်္သာရီတိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်လာမှုနှင့်အတူ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲနှင့် အတန်ကြာဝေးကွာခဲ့ကြရသည့် မြန်မာနိုင်ငံ အရပ်ရပ်မှ ပြည်တွင်းခရီးသွားဧည့်သည်များ ထူးကဲများပြားစွာ လာရောက်လည်ပတ်ကြပြီး သာယာ လှပတင့်မော့ဖွယ် ကမ်းခြေသဲသောင်များရှိရာ ပင်လယ်ကျွန်းများရှိ အပန်းဖြေဟိုတယ်များရှိရာ အက်ဒမန်ပင်လယ်အတွင်း ပင်လယ်ကျွန်းများဆီသို့ အပန်းဖြေရင်း ပင်လယ်သင်္ကြန်ပွဲတော်အား သွားရောက်လည်ပတ်ဆင်နွှဲကြမည့် ခရီးသွားဧည့်သည်များ မိမိသွားရောက်လည်ပတ်ကြမည့် ပင်လယ်ကျွန်းများရှိ ခရီးသွားလုပ်ငန်းကုမ္မဏီ၏ ပို့ဆောင်ပေးမည့် SPEED BOAT များ၊ ခရီးသားဧည့်သည်များဖြင့် ကော့သောင်းမြို့၏ ဆိပ်ကမ်းတံတားတွင် စည်ကားလှသည်ကို တွေ့မြင်ရသည်။

သဘာ၀ပင်လယ်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာမှုနှင့်အတူ ယခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် ကာလအ တွင်း ပြည်တွင်းခရီးသွားဧည့်သည်များသည် မိသားစုအလိုက် သင်္ကြန်အကြိုနေ့မှ ကော့သောင်းမြို့သို့ စတင်ရောက်ရှိကြပြီး ကော့သောင်းမြို့၏ မြန်မာရိုးရာသင်္ကြန်ပွဲတော်တွင် ရေကစားနွှဲပျော်ကြပြီး သင်္ကြန်အကြတ်နေ့နံနက်ပိုင်းတွင် သာယာကြည်နှုးဖွယ်ကောင်းသည့် သာယာလှပတင့်မော့ဖွယ် ကမ်းခြေသဲသောင်များ၊ အပန်းဖြေအနားယူရန်နေရာများရှိရာ နိုင်ငံတတကာစံချိန်မှီ ပင်လယ်ကျွန်းများဖြစ်သည့် ညောင်ဦးဖီးကျွန်း၊ စေတန်ကျွန်း၊ မြင်းခွာကျွန်း၊ကြက်မောက်ကျွန်း(အသဲပုံကျွန်း)၊ ဇာဒက်ကြီးကျွန်း၊ ခရင်းခွကျွန်း၊ လှိုင်ဂူကျွန်းနှင့်ပါရာဒိုက် ကျွန်းများဆီသို့ အနားယူအပန်းဖြေရင်း ထူးခြားဆန်းပြားသည့် ပင်လယ်သင်္ကြန်ပွဲတော်အား လာရောက်နွှဲပျော်ကြခြင်းဖြစ်ကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)