မြောင်းမြမြို့နယ်လုံးဆိုင်ရာ သံဃာ့ဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် စာရေးတံမဲပွဲ၊ ဘိုးဘွားကန်တော့ပွဲ၊ ငါးလွှတ်ပွဲစည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မြောင်းမြ ဧပြီ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ မြန်မာနှစ်ဆန်းတစ်ရက်နေ့၊ ၂၀၂၂ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် မြောင်းမြမြို့နယ်လုံးဆိုင်ရာ သံဃာ့ဒါနဆွမ်းဆန်စိမ်းလောင်း လှူပွဲနှင့် စာရေးတံမဲပွဲ၊ ဘိုးဘွားကန်တော့ပွဲ၊ ငါးလွှတ်ပွဲတို့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးတို့အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်

အဆိုပါ မြောင်းမြမြို့နယ်လုံးဆိုင်ရာ သံဃာ့ဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မြန်မာသက္ကရာဇ် ၁၂၉၅ ခုနှစ် (၁၇-၁-၁၉၃၃) တွင် ပထမအကြိမ်အဖြစ် စတင်ကျင်းပပြုလုပ်ခဲ့ပြီး နှစ်စဉ်နှစ်တိုင်း ကျင်းပပြု လုပ်နိုင်ခဲ့ကြောင်း သိရသည်။ ၂၀၁၉ ခုနှစ်တွင် ၈၄ ကြိမ်မြောက် ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ကိုဗစ် ၁၉ ရောဂါကြောင့် ၂ နှစ် ရပ်နားခဲ့ပြီးနောက် ယခုနှစ်တွင် ၈၅ ကြိမ်မြောက်အဖြစ် ပြန်လည်ကျင်းပပြု လုပ်ခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးတွင် မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက အဖွင့်အမှာစကား ပြောကြားပြီးနောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ဘိုးဘွားကန်တော့ပွဲ၊ ငါးလွှတ်ပွဲဖြစ်မြောက်ရေး ဆပ်ကော်မတီအသီးသီးတွင် ပါဝင်သောသူများက မိမိသက်ဆိုင်ရာ ကဏ္ဍအလိုက် စီမံပြုလုပ်ထားမှုများကို ရှင်းလင်းတင်ပြကြသည်။

မြန်မာနှစ်ဆန်းတစ်ရက်နေ့ မနက်ပိုင်းတွင် ဘိုးဘွားကန်တော့ပွဲနှင့် ငါးလွှတ်ပွဲ ကျင်းပပြုလုပ်မည်ဖြစ်ပြီး နေ့လယ်ပိုင်းတွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် စာရေးတံမဲပွဲ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရပြီး ကုသိုလ်ပါဝင်လှူဒါန်းလိုသူများရှိပါက ဗဟိုဦးစီးကော်မတီတွင် ပါဝင်သည့် မြို့မိမြိုဖများထံသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြောင်းမြ(ခရိုင်၊ ပြန်/ဆက်)