မြဝတီမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်အကျနေ့ ဗဟိုမဏ္ဍပ်နှင့် ရပ်ကွက်များအတွင်း ရေကစားသူများဖြင့် ပျော်ရွှင်စွာဆင်နွှဲ

မြဝတီ ဧပြီ ၁၅

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ မြစန္ဒီပန်းခြံရှိ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်တွင်  ယမန်နေ့ (သင်္ကြန်အကျနေ့) နံနက်ပိုင်းနှင့်ညနေပိုင်းများက ယိမ်းအကအဖွဲ့များ တေးသီးချင်းသီဆိုသူများ၊ လာရောက်ကြည့်ရှုသူများနှင့် လမ်းလျှောက် သင်္ကြန်ပါဝင် ဆင်နွှဲသူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။

အဆိုပါ ယိမ်းအကအဖွဲ့များနှင့် တေးသီချင်းသီဆို ဖျော်ဖြေနေမှုများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိန်သောင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရဲမင်းသူ၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးရဲဇင်လတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမင်းဇော်တို့က ကြည့်ရှုအားပေးကြပြီး ဂုဏ်ပြုဆုများ ချီးမြှင့်ပေးသည်။

အလားတူ ရပ်ကွက်များအတွင်းတွင်လည်း ရေကစားသူများ ရေပတ်ခံထွက်သူများဖြင့် မဟာသင်္ကြန် အကျနေ့ကို ပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)