ပဲခူး ဧပြီ ၁၄
ဧပြီလ ၁၄ ရက် သင်္ကြန်အကျနေ့ နံနက်ပိုင်း၌ ပဲခူးမြို့၊ ဆေးရုံဟောင်းလမ်းပေါ်ရှိ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန် မဏ္ဍပ်များ၌ စည်းကားသိုက်မြိုက်စွာရေကစားနေမှုနှင့် ဌာနဆိုင်ရာအလိုက် စတုဒိသာကျွေးမွေးနေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သွားရောက်ဆင်နွှဲခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင်အဖွဲ့သည် ဗဟိုမဏ္ဍပ်ရှေ့ ဆေးရုံဟောင်းလမ်းပေါ်ရှိ တိုင်းအဆင့်ဌာနဆိုင်ရာ စတုဒိသာနှင့် ရေကစားမဏ္ဍပ် (၁၆)ခုရှိ လမ်းလျှောက်သင်္ကြန်အား အများပြည်သူများနှင့်အတူ ပါဝင်ဆင်နွှဲခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ နေ့စဉ် ကျွေးမွေးလှူဒါန်း သည့် စတုဒိသာမဏ္ဍတွင် ထမင်း၊ ဟင်း လာရောက်သုံးဆောင်နေသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကြီးကို ပဲခူးမြို့အတွင်း ဗဟိုမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်နှင့် အများပြည်သူမဏ္ဍပ်များဖြင့် နေ့စဉ်စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိပြီး စတုဒိသာမဏ္ဍပ်များမှလည်း နေ့စဉ်ကျွေးမွေးလှူဒါန်းလျက်ရှိရာ အများပြည်သူ လုံခြုံချမ်းမြေ့ စိတ်အေးချမ်းသာစွာ အတာရေသဘင်ပွဲ ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဗဟိုမဏ္ဍပ်၌ အကြိုနေ့မှ အတက်နေ့အထိ နိုင်ငံကျော် အနုပညာရှင်/ အဆိုတော် မိုးအောင်ရင်၊ ပူစူး၊ အစ္စဏီ၊ ပွင့်နဒီမောင်နှင့် အခြားအနုပညာရှင် အဆိုတော်များဖြင့် စည်ကားသိုက်မြိုက်စွာ ပါဝင်သီဆိုဖျော်ဖြေပေးလျက်ရှိကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)