ရှမ်းရွာသစ်မြို့ ပရေကြေတိုရေတံခွန်တွင် မဟာသင်္ကြန်အကျနေ့၌ ရေကစားသူများဖြင့် စည်ကား

ရှမ်းရွာသစ်   ဧပြီ   ၁၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပရေကြေတိုရေတံခွန်သို့ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်လျက်ရှိရာ မဟာသင်္ကြန်အကျနေ့၌ မိသားစုများ၊ အပေါင် းအဖော် သူငယ်ချင်းများနှင့် စုပေါင်းလာရောက်ပြီး  အပန်းဖြေရေကစားသူများနှင့် စည်ကားလျက်ရှိကြောင်း သိရှိရသည်။

ထိုသို့သင်္ကြန်ကာလပိတ်ရက်ရှည်နေ့များ၌ အပန်းဖြေလာရောက်ကြသူများမှာ ဘားအံမြို့အတွင်းရှိ မြို့နယ်များမှအများဆုံးလာရောက်သောဧည့်သည်များဖြစ်ကာ ၎င်းတို့မှာ အဆိုပါရေတံခွန်တစ်လျှောက် ရေကူးကြသူများ၊ အပန်းဖြေအနားယူကြသူများ၊ ဓာတ်ပုံရိုက်ကူးသူများဖြင့် အထူးစည်ကားလျက်ရှိပြီး ဒေသထွက်ရာသီစာ ဟင်းသီးဟင်းရွက်များ ရောင်းချနေကြသော ဒေသနေပြည်သူများအနေဖြင့် မဟာ သင်္ကြန် ရုံးပိတ်ရက်ရှည်ကာလတွင် အပိုဝင်ငွေရရှိကြကာ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

ပရေကြေတိုရေတံခွန်သို့ လာရောက်အပန်းဖြေရေကစားသူများ အေးချမ်းပျော်ရွှင်အနားယူအပန်း ဖြေစေရန်နှင့် ရေတံခွန်သန့်ရှင်းသာယာလှပစေရန်အတွက် တာဝန်ရှိသူများတို့က ရာသီစာဟင်းသီးဟင်း ရွက်များ ရောင်းချနေကြသောဈေးသည်များအား သတ်မှတ်နေရာများတွင် စနစ်တကျခင်းကျင်း ရောင်းချရန်၊ စွန့်ပစ်သည့်အမှိုက်များအား စနစ်တကျစွန့်ပစ်ကြရန်နှင့် ခရီးသွားဧည့်သည်များ အေးချမ်းပျော်ရွှင်စွာ ရေကစားကြရန်အတွက် ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ဇင်လေး(ပြန်/ဆက်)