အထက်မင်းလှ ဧပြီ ၁၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နေ့လယ် ၃နာရီ ၄၅မိနစ်က တာဘောင်ကြီး လမ်းရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပ ခဲ့သည်။
အခမ်းအနားတွင် မင်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က နှစ်သစ်မင်္ဂလာ နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌတို့က မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး၊ မြို့ပေါ်ရပ်ကွက်များမှ ယိမ်းအကအဖွဲ့များက မန်းတောင်ရိပ်ခိုသီချင်းဖြင့် ကပြဖျော်ဖြေခဲ့သည်။
မင်းလှမြို့နယ်၌ သင်္ကြန်ကာလအတွင်း ဗဟိုမဏ္ဍပ်တွင် ယိမ်းအကများ၊ ဖျော်ဖြေရေး အဖွဲ့များမှ တေးသီချင်းများဖြင့် ဖျော်ဖြေပြီး၊ ရေကစားကြသူများကို ဌာနဆိုင်ရာများအဖွဲ့က စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးခြင်းကို သင်္ကြန်အကြိုနေ့မှစတင်၍ သင်္ကြန်အတက်နေ့ထိ ဧည့်ခံကျွေးမွေးမည် ဖြစ်ကြောင်း သိရသည်။ ဇာဇာ(အထက်မင်းလှ)