လှိုင်းဘွဲမြို့၌ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

လှိုင်းဘွဲ ဧပြီ ၁၄

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မှ ၁၃၈၄ သို့ ကူးပြောင်းသည့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီအချိန်က လှိုင်းဘွဲမြို့၊ (ခ)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း မြို့မရဲစခန်းထောင့်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းက နှစ်သစ်ကူး နှုတ်ခွန်းဆက် စကားပြောကြားပေးခဲ့ပြီးနောက် ဗဟိုမဏ္ဍပ်ကို စတင်ဖွင့်လှစ်ကြောင်း ကြေညာပေးခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းနှင့်အဖွဲ့ဝင်တို့က လှိုင်းဘွဲမြို့ဗဟိုမဏ္ဍပ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။

ဆက်လက်၍ တက်ရောက်လာသောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများက ယိမ်းအကအဖွဲ့များအား အတာသင်္ကြန်ရေဖြင့် ပက်ဖျန်းပေးခဲ့ကြပြီး၊ လှိုင်းဘွဲမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများမှ ယိမ်းအကအဖွဲ့များက မြနန္ဒာသီချင်းဖြင့် စုပေါင်း၍ ကပြဖျော်ဖြေခဲ့ကြသည်။

လှိုင်းဘွဲမြို့၌ ဗဟိုမဏ္ဍပ်အပါအဝင် ရပ်ကွက်မဏ္ဍပ်များ၊ အခြေချဗျူဟာ(လှိုင်းဘွဲ)တပ်နယ်မှ တပ်ရင်း၊ တပ်ဖွဲ့ရေကစားမဏ္ဍပ်များ၊ ကလေးများအတွက် ရေကစားအုန်းလက်မဏ္ဍပ်များဖြင့် ပျော်ရွှင်စွာရေပက် ကစားလျက်ရှိကြသည်။ လှိုင်းဘွဲမြို့ဗဟိုမဏ္ဍပ်၌ မဟာသင်္ကြန်ကာလအတွင်း မြို့နယ်သဘင်ကောင်စီအဖွဲ့မှ ယိမ်းအဖွဲ့များ၊ ရပ်ကွက်များမှ ယိမ်းအဖွဲ့များ၊ နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များမှ မိသားစုယိမ်း အဖွဲ့များနှင့် မိခင်များအဖွဲ့ စုစုပေါင်းယိမ်းအဖွဲ့(၁၁)ဖွဲ့တို့ကယိမ်းအကများဖြင့် ကပြဖျော်ဖြေ တင်ဆက် သွားမည်ဖြစ်ပြီး သင်္ကြန်ချစ်သူများနှင့် ရေကစားကြသူများအား လှိုင်းဘွဲမြို့ဗဟိုမဏ္ဍပ်နံဘေးရှိ စတုဒိသာမဏ္ဍပ်၌ အကျွေးအမွေးများဖြင့် ဧည့်ခံကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

စောဒိ(ပြန်/ဆက်)