ဂန့်ဂေါ ဧပြီ ၁၄
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ မြန်မာ့ ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ဖွင့်ပွဲကို ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မိုးလုံလေလုံ အားကစားခန်းမတွင် ယမန်နေ့ ညနေ ၄ နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ရှေးဦးစွာ ဂန့်ဂေါခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးက နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားပြောကြား၍ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာ သင်္ကြန်ပွဲတော်အကြိုနေ့အဖြစ် ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ အတာသင်္ကြန်ယိမ်းအဖွဲ့များမှ “မြူမှောင်ဝေကင်း” သီချင်းဖြင့် ကပြဖျော်ဖြေကြပြီး ဂန့်ဂေါခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးနှင့် အဖွဲ့ဝင်များသည် အတာသင်္ကြန်ပွဲတော်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာကြသူများအား သပြေခက်ဖြင့် နှစ်သစ်ကူးအတာရေစင်များပက်ဖျန်းခဲ့ပြီး စတုဒိသာကျွေးမွေးခြင်းတို့ဖြင့် စည်ကားစွာ ကျင်းပ ပြုလုပ်ခဲ့ကြသည်။
မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ ဂန့်ဂေါခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့် အဖွဲ့ဝင်များ၊ ဂန့်ဂေါမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး မြန်မာ့ရိုးရာ အတာသင်္ကြန်အကျနေ့၊ အကြတ် နေ့နှင့် အတက်နေ့များတွင်လည်း သင်္ကြန်ယိမ်းအဖွဲ့များက ကပြဖျော်ဖြေခြင်း၊ ရေပက်ကစားခြင်း နှင့် အတုဒိသာကျွေးမွေးခြင်းတို့ဖြင့် စည်ကားစွာ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။
မောင်မျိုးမင်း(ယော)