ကြို့ကုန်းကျေးရွာတွင် ဖွင့်လှစ်သင်ကြားသော ကြက်ခြေနီအခြေခံ ရှေးဦးပြုစုခြင်း ၃/၂၀၂၂ နှင့် ၄/၂၀၂၂ သင်တန်းဆင်းပွဲကျင်းပ

အိမ်မဲ ဧပြီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကြို့ကုန်းကျေးရွာ အခြေခံပညာအထက် တန်းကျောင်းတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ လမ်းညွှန်မှု ဧရာဝတီတိုင်း ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ ကြက်ခြေနီ ရှေးဦးပြုစုခြင်း အခြေခံသင်တန်းအမှတ်စဉ် ၃/၂၀၂၂ နှင့် ၄/၂၀၂၂သင်တန်းကို ဧပြီလ ၁၀ ရက်နေ့၌ ဖွင့်လှစ်သင်ကြားခဲ့ရာ သင်တန်းဆင်းပွဲကို ဧပြီလ ၁၂ ရက် ညနေ ၄ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းနားတွင် မြောင်းမြခရိုင် ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးတင်ဦးက သင်တန်းဆင်း အမှာစကား ပြောကြားပြီး အ.ထ.က ကြို့ကုန်းကျောင်းအုပ် ဆရာမကြီးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ဆက်လက်ပြီး တာဝန်ရှိသူများက သင်တန်းသား/သူများကို သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်းထူးချွန်ဆုရသူများအား ဆုများ အသီးသီးပေးအပ်ပြီး အ.ထ.က ကြို့ကုန်းကျောင်းအုပ် ဆရာမကြီးမှ သင်တန်းနည်းပြများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဆင်းပွဲသို့ မြောင်းမြခရိုင် ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများ အ.ထ.က ကြို့ကုန်းကျောင်းအုပ်ကြီးနှင့် ရပ်မိရပ်ဖများ မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ တာဝန်ရှိသူများ သင်တန်းနည်းပြများနှင့် သင်တန်းသားသင်တန်းသူ ၆၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ချစ်သက်လယ်