ပေါင်းတည် ဧပြီ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်စျေး ၂ ရပ်ကွက်၊ ဘုရားကြီးလမ်းရှိ မဟာ သင်္ကြန်ဗဟိုရေကစားမဏ္ဍပ်ကို မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်တန်ခူးလဆန်း ၁၃ ရက်နေ့ ညနေ ၃ နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဗဟိုရေကစားမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းမှ နှစ်သစ်ကူးနှုတ်ခွန်းဆက် စကားပြောကြားပြီးနောက် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဝင်းကိုကိုနိုင်၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်၊ မြို့နယ်လဝကမှူး ဦးမောင်မောင်လွင်နှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးအေးကျော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်နှင့် တစ်ပြိုင်နက် မြူမှောင်ဝေ ကင်း သင်္ကြန်တေးသီချင်းအား နိုင်ငံကျော်အဆိုရှင် စောင်းသီဟကျော်မှ သီဆို၍ ဌာနဆိုင်ရာ များနှင့် ရပ်ကွက်သင်္ကြန်ယိမ်းအဖွဲ့များမှ တစ်ပျော်တစ်ပါး ကပြဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ တာဝန်ရှိသူများမှ တက်ရောက်လာသူများအား ငွေဖလားဖြင့်အမွှေးနံ့သာရည် များကို သပြေခက်ဖြင့် လိုက်လံပက်ဖြန်းခဲ့ကြောင်းနှင့် တေးသံရှင်များနှင့် ယိမ်းအကများမှ အလှည့်ကျဖျော်ဖြေခဲ့ကြောင်း သိရသည်။
အေးအေးဆင့်(ပြန်/ဆက်)