ကျောင်းကုန်း ဧပြီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် မြန်မာ့ရိုးရာအတာ သင်္ကြန်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီအချိန်ခန့်က အမှတ်(၂)ရပ်ကွက်၊ ကမ်းနားလမ်းနှင့် ဆေးရုံ လမ်းထောင့် ဗဟိုမဏ္ဍပ်၌ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက နှစ်သစ်ကူးနှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး နေဝင်းနောင်၊ အဖွဲ့ဝင်(၂) ဦးတင်မောင်၊ အဖွဲ့ဝင်(၃)လ.ဝ.က ဦးစီးမှူး ဦးအောင်စိုး၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး အောင်နိုင်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ဖွင့်ပွဲအပြီးတွင် ယိမ်းအဖွဲ့များက "မြနန္ဒာ" သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။ မြို့ပေါ်(၅)ရပ်ကွက်မှ (၅)ယိမ်းနှင့် ပညာရေးဌာနမှ(၃)ယိမ်း၊ စုစုပေါင်း(၈)ယိမ်း၊ တစ်ကိုယ်တော်အကအဖွဲ့များ၊ မြန်မာ သံစဉ် အဆိုတော်များနှင့် စတူရီယိုအဆိုတော်များဖြင့် နေ့စဉ် နံနက် ၈ နာရီမှ ၁၁ နာရီအထိ လည်းကောင်း၊ မွန်းလွဲ ၃ နာရီမှ ညနေ ၆ နာရီအထိလည်းကောင်း ကပြသီဆိုဖျော်ဖြေကြမည်ဖြစ် ကြောင်း သိရသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာန ဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ လုံခြုံရေးအဖွဲ့များ၊ ကျန်းမာရေးအဖွဲ့များ၊ ယိမ်းအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပြီး၊ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)