မင်းဘူး ဧပြီ ၁၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန် ရေသဘင် ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၁၃ ရက်၊ မဟာသင်္ကြန်အကြိုနေ့ ညနေ ၅ နာရီအချိန်က မင်းဘူးမြို့ အမှတ်(၃)ရပ်ကွက် မင်းပူးဦးဩဘာသမြို့နယ်ခန်းမရှေ့ရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ အခမ်းအနားတွင် ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ရေသဘင်ပွဲတော် ကျင်းပရေးဦးစီးကော်မတီ၊ မင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက ဆုမွန်ကောင်း မင်္ဂလာအဖွင့်အမှာစကားပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ ယိမ်းအဖွဲ့များမှ သင်္ကြန်တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေတင်ဆက်ခဲ့ပြီး ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အတာရေများဖြင့် ပက်ဖျန်းပေးခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများအားလုံးက မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ရေ သဘင်ပွဲတော်ဗဟိုမဏ္ဍပ် လမ်းလျှောက်သင်္ကြန်တွင် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြပြီး အဆို/ အကများ ဖြင့် ဖျော်ဖြေတင်ဆက်ကာ ရွှေရင်အေး စတုဒိသာဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။
မင်းဘူးမြို့၌ ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ရေသဘင်ပွဲတော် ဗဟိုမဏ္ဍပ် လမ်းလျှောက်သင်္ကြန်အပါအဝင် ရေကစားမဏ္ဍပ် (၃)ခုဖြင့် သင်္ကြန်အတက်နေ့အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း၊ ရေကစားမဏ္ဍပ်များတွင် မည်သူမဆို လာရောက်ပါဝင်ဆင်နွှဲနိုင်ပြီး မြန်မာ ထမင်းဟင်း၊ မုန့်လက်ဆောင်၊ သာကူနှင့် မုန့်လုံးရေပေါ် စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးသွားမည် ဖြစ်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)