ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့
ဝါခေါင်လသည် မြန်မာလ တစ်ဆယ့်နှစ်လတွင် ပဥ္စမမြောက်လဖြစ်သည်။ မိုးဥတုတွင်ပါဝင်ပြီး ဝါခေါင်လကို ရှေးအခါက "နံကာလ''ဟုလည်းခေါ်ကြသည်။ ပုဂံခေတ် ကျောက်စာများတွင် ဝါခေါင်လ ဟူ၍လည်းကောင်း၊ နံကာလ ဟူ၍လည်းကောင်း မြန်မာစာ အရေးအသားများတွင် နှစ်မျိုးစလုံး တွေ့ရှိရသည်။နံကာလ၏ အနက်အဓိပ္ပာယ်မှာ လယ်လုပ်ချိန်၊ လယ်ထွန်ချိန်၊ စိုက်ပျိုးချိန်နှင့် လယ်လုပ်သည့်လ၊ လယ်ထွန်သည့်လ၊ စိုက်ပျိုးသည့်လဟု အဓိပ္ပာယ်ရသည်။ တောင်သူလယ်သမား ဦးကြီးများ သည် လုပ်ငန်းခွင်တွင် ထွန်ယက်စိုက်ပျိုးသည့်လလည်းဖြစ်သည်။
စာရေးတံပွဲသဘင်ကိုဆင်ယင်ကျင်းပ
ဗေဒင်အခေါ်အဝေါ်အားဖြင့် ဝါခေါင်လကို သိဟ်ရာသီဟုခေါ်သည်။ ထိုရာသီတွင် သရဝဏ် နက္ခတ်နှင့် လမင်းတို့ ယှဉ်ပြိုင်ကာ မွန်းတည့်ပြီး ပုသျှနက္ခတ်နှင့် နေမင်းတို့ ယှဉ်ပြိုင်ကြသည်။ ရာသီရုပ်မှာ ခြင်္သေ့ရုပ်ဖြစ်၍ ရသီပန်းမှာ ခတ္တာပန်းနှင့် ရင်းမာပန်းတို့ ပွင့်လန်းသည့် ရာသီလည်းဖြစ်သည်။ ဝါခေါင်လတွင် ရှေးမြန်မာမင်းများ ရှိစဉ်အခါက ရာသီပွဲတော်အဖြစ် စာရေးတံပွဲသဘင်ကို ဆင်ယင်ကျင်းပလေ့ရှိပြီး တောင်ပြုံးညီနောင် နတ်ပွဲများလည်း ကျင်းပကြသည်။ ဝါခေါင်လမှာ ရက် မစုံကွယ်သောလ ဖြစ်သောကြောင့် ရက်ပေါင်း ၂၉ ရက်ရှိသဖြင့် ကြာသပတေး၊ စနေမှာ ပြဿဒါးဖြစ်၍ ဗုဒ္ဓဟူး၊ သောကြာမှာ ရက်ရာဇာများ ဖြစ်ကြသည်။
သံဃာတော်များကိုဝါဆိုဝါကပ်တော်မူသည့်လ
" ဝါဆိုဝါခေါင် ရေဖောင်ဖောင် '' ဟူသော ဆိုရိုးစကားနှင့်အညီ ဝါခေါင်လသည် မိုးဖြိုင်ဖြိုင် ရွာသွန်းလျက်ရှိသော လဖြစ်သည်။ ဝါခေါင်လတွင် မိုးရေကအေး မြစ်ပြင်တွင် ရေများဖွေးနေပြီး ကောက်ပင်များက မြရောင်စိမ်း၍ လေလာတိုင်း ယိမ်းနွဲ့ကာ လယ်တောသူတို့၏ တေးသံနှင့် နရီစည်းချက် ညီနေပေတော့သည်။ ဝါခေါင်လတွင် ဗုဒ္ဓမြတ်စွာ ဘုရားရှင်၏ တပြည့်သား ရဟန်းသံဃာတော်များကို ဝါဆိုဝါကပ်တော် မူကြလေသည်။ ဝါတွင်းကာလဖြစ်၍ ရဟန်းသံဃာတော်များ ရပ်ဝေးခရီး ကြွတော်မမူ ရသည့်အတွက် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့သည် ဆရာတော် သံဃာတော်များကို ချဉ်းကပ်ကာ နိဗ္ဗာန် ရောက်ကြောင်း၊ တရားထူး၊ တရားမြတ်များကို နာယူမှတ်သားလေ့ ရှိကြကည်။
ရဟန်းသံဃာတော်များကမ္မဌာန်းတရားအားထုတ်ကြ
ဝါခေါင်လပြည့်နေ့၏ ထူးမြတ်ပုံမှာ။ ။မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်မှာ သတင်းသုံးတော်မူစဉ် ရဟန်းသံဃာ ငါးရာတို့သည်။ ဘုရားရှင်ထံမှ ကမ္မဌာန်းတရား နာယူခဲ့ကြပြီး တရားတော်များ ပွားများအားထုတ်ကြဖို့ သာဝတ္ထိ ပြည်မှ တစ်ယူဇနာဝေးသော တောအုပ်တစ်ခုရှိ သစ်တစ်ပင်စီရဲ့အောက်မှာ ကမ္မဌာန်တရားအားထုတ်ကြရာ ရဟန်းတော်များရဲ့ သီလတန်ခိုးကြောင့် ရုက္ခစိုးနတ်များ မနေနိုင်ကြတော့ဘဲ ကြောက်မက်ဖွယ်ကောင်းသော အဆင်း၊ အသံ၊ စက်ဆုပ်ဖွယ် ကောင်း သော အနံ့တို့ဖြင့် ခြောက်လှန့်ကြတော့သည်။
" မေတ္တာသုတ်'' တရားတော်ကိုဟောကြား
ရဟန်းတော်များက မြတ်စွာဘုရားထံ လျှောက်ထားကြရာ ဘုရားရှင်က ရဟန်းတော်ငါးရာနှင့်အတူ လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါအပေါင်းတို့အား မေတ္တာသုတ် တရားတော်ကို ဟောကြားတော်မူကာ ရဟန်းတော်များနှင့် သင့်တော်မည့် မူလအား ထုတ်ရာ အရပ်သို့ ပြန်စေ၍ တရားတော်ကို ပွားများစေသည်။ မေတ္တာသုတ် တရားတော်၏ အာနုဘော်ကြောင့် နှောက်ယှက်ရန် မူခြင်း မပြုကြတော့တဲ့အပြင် တံမြက်လှည်းခြင်း သောက်သုံးရေတည်ခြင်းစသော ဝေယျာဝစ္စများကိုပင် ကူညီဆောင်ရွက် ပေးကြလေသည်။ ရဟန်းတော်များလည်း တရားဓမ္မများကို အေးချမ်းစွာ ကျင့်ကြံပွားများကာ ဝါမကျွတ်ခင် ရဟန်းကိစ္စပြီး မြောက် ကြလေသည်။ မြတ်စွာဘုရားရှင်သည် ရဟန်းတော်ငါးရာကို အကြောင်းပြု၍ မေတ္တာသုတ်တရားတော် ဟောကြား တော်မူသော ဝါခေါင်လပြည့်နေ့ကို" မေတ္တာအခါတော်နေ့ '' ဟု ခေါ်ဆိုကြခြင်း ဖြစ်ပါသည်။
ဝါခေါင်လပြည့်နေ့တွင် စာရေးတံပွဲများ ပြုလုပ်လှူဒါန်ခြင်း၊ မေတ္တာသုတ်တရားတော်များ ပွားများရွက်ဖတ် ပူဖော်ခြင်း၊ ဆွမ်း၊ ဆီမီး၊ ရေချမ်း၊ ပန်းများ ကပ်လှူပူဇော်ပြီး တစ်ဦးနှင့် တစ်ဦး မေတ္တာထားကာ ဆက်ဆံကြခြင်းဖြင့် အရာရာ အောင်မြင်ပါ စေဟု ဆန္ဒပြုရေးသား လိုက်ရပါတော့သည်။ ။
ဇေယျာထက် ( မင်းဘူး )