စစ်ကိုင်းမြို့တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ဖွင့်ပွဲကျင်းပ

စစ်ကိုင်း ဧပြီ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့တွင် ၂၀၂၂ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၃)နာရီက ဧရာဝတီကမ်းနားလမ်းရှိ ဗဟိုမဏ္ဍပ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းစိန်က အဖွင့်အမှာစကား ပြောကြားရာ မြန်မာနိုင်ငံအတွင်းမှာ ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ ကိုဗစ်-၁၉ ရောဂါကြီးကို တစ်နိုင်ငံလုံး မှာခံစားခဲ့ရတာကြောင့် သင်္ကြန်ပွဲတော်ကြီးကို မကျင်းပနိုင်ခဲ့တာ(၂)နှစ်ရှိပြီဖြစ်ကြောင်း၊ နိုငံအသီသီးမှ လူမျိုးအသီးသီးတို့ဟာ မိမိတို့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများနှင့်အညီ နှစ်သစ်ကူးပွဲတော်များ ကျင်းပ ဆောင်ရွက်ကြကြောင်း၊ မြန်မာတို့ရဲ့ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းချိန်မှာ ကျင်းပလေ့ရှိတဲ့ ပွဲတော်ဟာ သင်္ကြန်ပွဲတော်ဖြစ်ပြီး ရက်ကာလအကြာမြင့်ဆုံး ကျင်းပသည့်ပွဲတော်မှာလည်း သင်္ကြန်ပွဲတော်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့ပြီး မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲသည်။

ဆက်လက်၍ သင်္ကြန်ယိမ်းအဖွဲ့များကစုပေါင်း၍ တစ်ခိုင်လုံးရွှေ တေးသီချင်းဖြင့် ကပြဖျော်ဖြေပေးခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ယိမ်းအကအဖွဲ့များအား သပြေခတ်ဖြင့် သင်္ကြန်ရေများလောင်းခဲ့ကြ ကြောင်းသိရသည်။

ဇော်မြင့်နိုင်(ပြန်/ဆက်)