ကျောက်ကြီး ဧပြီ ၁၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို ရိုးရာမပျက်ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်တွင် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ရာမှ ၂၀၂၁ ခုနှစ်၌ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားလျက်ရှိသောကြောင့် ကျင်းပပြုလုပ်နိုင်ခြင်း မရှိဘဲ ယခုနှစ်တွင် ဒေသခံပြည်သူများ မြန်မာ့ရိုးရာဓလေ့ဖြင့် ပျော်ရွှင်စရာ၊ စိတ်အပန်းဖြေစရာတစ်ရပ်ဖြစ်စေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင် စီစဉ်ခဲ့ခြင်းဖြစ်သည်။ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်တွင် ကျောက်ကြီးမြို့ ဆားတန်းရပ်ကွက်၊ အလယ်လမ်းမကြီးပေါ်၌ လမ်းလျှောက် အတာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပွဲတော်ကာလတွင် ရိုးရာယဉ်ကျေးမှု မပျောက်ပျက်စေဘဲ ရေကစားနိုင်ရန် စီမံဆောင်ရွက်ထားကြောင်းနှင့် ကျောက်ကြီး မြို့ပေါ်ရပ်ကွက်များမှလည်း ရက်အလိုက် စတုဒိသာများ ကျွေးမွေး ဧည့်ခံပေးသွားမည် ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရသည်။
ထို့အတူ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က လမ်းလျှောက် သင်္ကြန် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြပြီး မီးသတ်ဦးစီးဌာနမှ ဒေသခံပြည်သူများ ရိုးရာ အတာသင်္ကြန်ပွဲတော်တော်နှင့်အညီ ရေကစားနိုင်ရန် ရေရရှိရေးဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)