ပုလောမြို့နယ် ရှပ်ပုံကျေးရွာအုပ်စု ရေချိုကျေးရွာ၌ မိုးကြိုကာလမြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် ပက်ကြဲစိုက်ပျိူး

ပုလော ဧပြီ ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးရုံး၏ ကြီးကြပ်မှုဖြင့် ပုလော မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးကြိုကာလ မြေဆီလွှာဖွံ့ဖြိုး တိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် စိုက်ပျိုးခြင်းကို ယနေ့ နံနက် (၉) နာရီခွဲက ရှပ်ပုံ ကျေးရွာအုပ်စု ရေချိုကျေးရွာ၌  ကျင်းပခဲ့သည်။

မိုးကြိုကာလ  မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ ပေးအပ်ပွဲကို ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုဦးစီးမှူး ဦးကျော်ဇင်စိုး၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနဦးစီးမှူး ဒေါက်တာ ဘုန်းကျော်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်၍ တောင်သူများအား မျိုးစေ့များ ပေးအပ်ခဲ့ပြီး၊ အဆိုပါ ရေချိုကျေးရွာရှိ ကွင်းအမှတ် ၅၂၊ ဦးပိုင် အမှတ် (၇၂ / ၂)တောင်သူ ဦးကျော်ကြီး ဒေါ်ချိုအေးလယ်မြေ၌ သစ်စိမ်း မြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့ကို တက်ရောက်လာကြသူများက ကြဲပက်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးခြင်းသည် အချိန်တိုကာလအတွင်း သစ်စိမ်း မြေသြဇာ၊ ဇီဝမြေသြဇာနှင့် သစ်ဆွေးဓာတ်များ ရရှိနိုင်၍ လယ်ယာမြေအတွင်းရှိ ပေါင်းပင်များ ကို နှိမ်နင်းနိုင်ပြီး အကျိူးပြု အနုဇီဝပိုးများ၊ မြေဆီလွှာအတွင်းရှိ အကျိူးပြုသက်ရှိ များကိုလည်း အသက်ရှင် တိုးပွားစေနိုင်ကြောင်း၊ ဓာတ်မြေသြဇာသုံးစွဲမှုအား လျှော့ချနိုင်ပြီး သဘာဝ ပတ်ဝန်း ကျင်ရှိ မြေဆီလွှာနှင့်ရေတို့ကို ဓာတုအဆိပ်သင့်မှု လျော့နည်းစေကာ မြေဆီလွှာ၏ ချဉ်ငံဓာတ် ကိုလည်း ထိန်းညှိပေးသည့် အကျိူးကျေးဇူးများ ရရှိနိုင်ကြောင်း၊ ပိုက်ဆံလျှော် သီးနှံစိုက်ပျိုးရာ တွင် ရာသီဥတုအခြေအနေပေးပါက တစ်ဧကလျှင် သစ်စိမ်းမြေသြဇာ (၅)တန်မှ (၇)တန်အထိ ရရှိနိုင်ပြီး ပုလဲဓာတ်မြေသြဇာ(၃)အိတ်နှင့် ညီမျှသော နိုက်ထရိုဂျင်ဓာတ်များ ရရှိနိုင်ကြောင်းကို ပုလောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးအေးဝင်းကထံမှ သိရသည်။

အေးအေးမော် (ပုလော)