ငါးသိုင်းချောင်းမြို့၊ စည်ပင်သာယာ မြို့မဈေးနှင့် အောင်ဆန်းရပ်ကွက်၌ မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်

ငါးသိုင်းချောင်း ဧပြီ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ စည်ပင်သာယာမြို့မဈေး၌ ယမန်နေ့ ညနေပိုင်းက မီးဘေးကြိုတင်ကာကွယ်‌ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့စည်ပင် သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးခင်ညွန့်၊ နယ်မြေမီးသတ်စခန်းတာဝန်ခံ လက်ထောက် မီးသတ်ဦးစီးမှူး ဦးဝင်းနိုင်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဈေးကော်မတီနှင့် ဈေးသူ၊ ဈေးသားများ ပူးပေါင်း၍ သရုပ်ပြဇာတ်တိုက် လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုတွင် မြို့မဈေးအတွင်း တပ်ဆင်ထားသော မီးသတ်စက် ရေတွင်းနှင့် စက်များ၊ ရေပိုက်များ ကြံ့ခိုင်မှုအခြေအနေစစ်ဆေး၍ လက်တွေ့သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေး အစီအမံများ ဆောင်ရွက်ထားရှိမှု အခြေအနေ စစ်ဆေးခြင်း၊ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်းအား လက်တွေ့သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်း၊ နယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်ဖြင့် သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်း များကို သက်ဆိုင်ရာ မြို့ဌာနဆိုင်ရာများနှင့် ဈေးကော်မတီ၊ ဈေးသူ‌၊ ဈေးသားများ ပူးပေါင်း၍ လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ အောင်ဆန်းရပ်ကွက်၊ ဘုရင့်နောင်လမ်းနှင့် လမ်းဆုံ၊ လမ်းခွနေရာများ၌ တပ်ဆင် ထားသည့် မီးသတ်စက်ရေတွင်းနှင့် ရေစုပ်စက်များ၊ ရေပိုက်များကြံ့ခိုင်မှု အခြေအနေ စစ်ဆေးခြင်း၊ လက်တွေ့သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းများကို ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ယခုကဲ့သို့ အများပြည်သူ ပါဝင်ပူးပေါင်းမှုဖြင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခြင်း၊ မီးဘေး ကြိုတင်ကာကွယ်ရေး အသိ၊ သတိဖြင့် စနစ်တကျ နေထိုင်နိုင်ရေးအပြင် အများပြည်သူအား မီးဘေးကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်သည့် အသိပညာပေးနှိုးဆော်မှုများကိုလည်း အဆက်မပြတ် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း နယ်မြေမီးသတ်စခန်း တာဝန်ခံ လက်ထောက်မီးသတ်ဦးစီးမှူး ဦးဝင်းနိုင်က ပြောကြားထားကြောင်း သိရသည်။

စိုးမင်းဦး(ပြန်/ဆက်)