မိုးညို ဧပြီ ၁၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster Dose ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် (၈:၃၀) အချိန်မှစ၍ မိုးညိုပြည်သူ့ဆေးရုံ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံထားပြီး ခြောက်လပြည့် ပြီးသည့် သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster Dose ထိုးနှံပေးခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံမည့်သူများနှင့် ဒုတိယ အကြိမ်ထိုးနှံရမည့်သူများ အားဆက်လက်ထိုးနှံပေးလျက်ရှိပြီး Booster Dose ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နှင့် ယနေ့တို့တွင် ထိုးနှံပေးသွားမည်ဖြစ်သည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးမျာကို ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့များနှင့် ပြည်သူများအား ထိုးနှံပေးလျက်ရှိပြီး ဆေးထိုးနှံခြင်း လုပ်ငန်းများတွင် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးလျက် ရှိသည်။
မြို့နယ်ကျန်းမာရေးဦးစီးဌာနအနေဖြင့် ပြည်သူများ ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် မြို့ပေါ်ရှိ မြို့နယ်ကျန်းမာရေးဦးစီးဌာနှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာန တို့တွင် လည်းကောင်း၊ အုပ်စုကျေးရွာများသို့ ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ကိုမင်း(မိုးညို)