ဘားအံ ဧပြီ ၁၂
ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၃)ရပ်ကွက်၊ ကမ်းနားလမ်း၊ မြို့မဘောလုံးကွင်းဖွင့်ပွဲ အခမ်း အနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က အဆိုပါ ဘောလုံးကွင်း၌ ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက မြို့မဘောလုံးကွင်းကို ၁၉၂၀ ခုနှစ်တွင် စတင်ဖောက်လုပ်ခဲ့ပြီး နှစ်ပေါင်း(၁၀၀)ကျော် သက်တမ်းရှိကာ သမိုင်းအစဉ်အလာ ကြီးမားသည့် နေရာတစ်ခုဖြစ်ကြောင်း၊ ဘားအံမြို့နေပြည်သူများ၏ ဆန္ဒသဘောထားကို အလေး အနက်ထား ဖြည့်ဆည်းဆောင်ရွက်ပေးသောအားဖြင့် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ငွေကျပ် ၂၄၂ ဒသမ ၈၃ သန်းအကုန်အကျခံ၍ (၄၂၀ပေ x ၂၆၀ပေ) ဧရိယာရှိ မြို့မဘောလုံးကွင်းအား မြေပြုပြင် ခြင်း၊ မြက်စိုက်ခြင်း၊ ပရိတ်သတ်(၅၀၀)ဆံ့ ပွဲကြည့်စင်တည်ဆောက်ခြင်း၊ ၆ ခန်းတွဲ အများသုံး သန့်စင်ခန်းတစ်လုံး၊ ဂါလံ ၅၀၀၀ ဆံ့ရေလှောင်ကန်တစ်ကန်၊ ရေပိုက်လိုင်းသွယ်တန်းခြင်း၊ မြက်ခင်း ရေဖြန်းစနစ်၊ ပါဝါမီတာတပ်ဆင်ခြင်းနှင့် မီးလိုင်းသွယ်တန်းခြင်း၊ ပေ ၁၀၁၀ ရှိ အုတ်သံပန်းခြံ စည်းရိုး တည်ဆောက်ခြင်း၊ ရေဆိုးထုတ်မြောင်းများနှင့် စိမ်းလမ်းစိုပြေရေးလုပ်ငန်းများ ထည့်သွင်း အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ကြောင်း၊ ယနေ့ခေတ်လူငယ်များသည် အားကစားနှင့် ကိုယ်လက် လှုပ်ရှားခွင့် နည်းလာသည်နှင့်အမျှ သန်စွမ်းမှုနှင့် ကျန်းမာရေးဘက်တွင် ထိခိုက်မှုရှိလာကြောင်း၊ အားကစားကို လေ့လာလိုက်စားခြင်းဖြင့် ကျန်းမာကြံ့ခိုင်၍ ဉာဏ်ရည်ထက်မြက်သော၊ ဗလငါးတန် နှင့် ပြည့်ဝသော၊ ဆန်းသစ်တီထွင်တတ်သော လူငယ်တို့၏စွမ်းအားကို ပြန်လည်ရရှိနိုင်မည်ဖြစ်ကြောင်း၊ ယနေ့ဖွင့်လှစ်သည့် မြို့မဘောလုံးကွင်းကို ရေရှည်တည်တံ့ခိုင်မြဲပြီး သန့်ရှင်းသပ်ရပ် သာယာလှပသော ဘားအံမြို့၏ ဂုဏ်ဆောင် ဘောလုံးကွင်းအဖြစ် ဝိုင်းဝန်းထိမ်းသိမ်းစောင့်ရှောက်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် မြို့မဘောလုံးကွင်းကော်မတီဥက္ကဋ္ဌ ဦးမြင့်ဆွေက ကျေးဇူးတင်စကားပြောကြားပြီး အမိတာရာမ ရဲကျောင်းဆရာတော် ဘဒ္ဒန္တဂုဏာလင်္ကာရ၊ မဂ္ဂင်ကျောင်းဆရာတော် ဘဒ္ဒန္တဣန္ဒဝံသ၊ လေသာကျောင်းဆရာတော် ဘဒ္ဒန္တဉာဏိသရ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး သူရမြင့်သူနှင့် မြို့မဘောလုံးကွင်းကော်မတီဥက္ကဋ္ဌတို့က ဘောလုံးကွင်းအား ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မြို့မဘောလုံးကွင်း ကမ္ဗည်းမော်ကွန်းအား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးကာ တက်ရောက်လာသူများနှင့် အတူ အမွှေးနံ့သာ ရည်များ ပက်ဖြန်းပေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြို့မဘောလုံးကွင်းအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များ မှာကြားကာ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူး၍ ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရ လက်ဆောင်များပေးအပ်သည်။
ဘားအံမြို့မဘောလုံးကွင်းသည် ပြည်နယ်အဆင့် အားကစားသမားများကို မွေးထုတ်လေ့ကျင့်ပေးခဲ့ သည့် ပြည်နယ်အားကစားကွင်း ဟောင်းတစ်ခုဖြစ်ပြီး ၂၀၀၀ ခုနှစ်တွင် ဟိုတယ်နှင့် ကုန်တိုက် ဆောက်လုပ်ရန် နှစ်(၉၀) မြေငှားဂရန် ထုတ်ပေးခဲ့ခြင်းအား ၂၀၂၀ ခုနှစ်တွင် ပြန်လည်ပယ်ဖျက်၍ ဘားအံမြို့သူ မြို့သားများ၏ ဆန္ဒသဘောထားအတိုင်း ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက မြို့မဘောလုံးကွင်းကို အဆင့်မြှင့်တင်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ဖွင့်ပွဲအပြီးတွင် မြို့မဘောလုံးကွင်းဖွင့်ပွဲ အထိမ်းအမှတ်အနေဖြင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ ဘောလုံးအသင်းနှင့် Old Star ဘောလုံးအသင်းတို့ ချစ်ကြည်ရေး ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်