ကျုံပျော် ဧပြီ ၁၁
ပြည်သူများ စားသုံးဆီဖူလုံရေး၊ တောင်သူများဝင်ငွေ ပိုမိုတိုးပွား ရရှိရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ဆီထွက်သီးနှံ(နေကြာ) စိုက်ပျိုးထုတ်လုပ်မှု အောင်မြင်ရေး အတွက် ယမန်နေ့က ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေယျမင်း၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးကျော်နှင့် ဌာနဝန်ထမ်းများ၊ တာဝန်ရှိသူများလိုက်ပါ၍ သရက်ချောင်း၊ မျက်နီကွင်း၊ ဆောက်ဝိုင်း၊ ဒိုက်ပျက်၊ သက္ကယ်ပြင် စသည့်ကျေးရွာအုပ်စုများရှိ တောင်သူများနှင့်တွေ့ဆုံကာ နေကြာ စိုက်ပျိုးထုတ်လုပ်မှု အောင်မြင်ရေး တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးရာတွင် စားသုံးဆီမှာ ဆန်ပြီးလျှင် ဒုတိယအရေးပါသော အခြေခံစားကုန်ဖြစ်၍ ဆီဖူလုံရန် ဆီထွက်သီးနှံ ဖြစ်သောနေကြာကို စိုက်ပျိုးကြရန်၊ နေကြာသည် မိုးရော ဆောင်းပါ စိုက်ပျိုးဖြစ်ထွန်းပြီး ထုတ်လုပ်မှုစရိတ်လည်းသက်သာကာ မျိုးစေ့မှမျိုးစေ့ ပြန်လည် ရရှိသောအချိုး (Seed to Seed Ratio) မှာလည်း အထူးကောင်းမွန်သဖြင့် “ဘာပဲစိုက်စိုက် နေကြာညှပ်စိုက်” ဆိုသကဲ့သို့ ဆောင်ရွက်ကြရန်နှင့် လိုအပ်ချက်များရှိပါက ပေါင်းစပ် ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
နေကြာသည် သီးသန့်စိုက်ပျိုးခြင်းသာမက သီးထပ်၊ သီးညှပ်ပါစိုက်ပျိုးနိုင်သည့်အတွက် စိုက်ပျိုးရန်အထူးသင့်တော်သည့် ဆီထွက်သီးနှံဖြစ်ကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ကျုံပျော်တွင် ဆီထွက်သီးနှံ နေကြာစိုက်ပျိုးရန် (၁၁၁၀၆)ဧက လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)