တနင်္သာရီမြို့နယ်၊ မောတောင်မြို့တွင် နွေရာသီအားကစား(အခြေခံ) သင်တန်း(၅)မျိုး ဆင်းပွဲ ကျင်းပ

တနင်္သာရီ ဧပြီ ၁၁

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်၊ မောတောင်မြို့ မိုးလုံလေလုံ အားကစား ခန်းမ အတွင်း လူငယ်လူရွယ်များအာကစား လိုက်စားခြင်းဖြင့် အကျင့်စာရိတ္တကောင်းမွန်၍ မျိုးချစ် စိတ်ဓာတ်ရှင်သန်ရေးအတွက် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက ဖွင့်လှစ်ပေးခဲ့သော နွေရာသီအားကစား အခြေခံ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ ညနေ ၃နာရီ အချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။   

သင်တန်းဆင်းပွဲ၌ ရှေးဦးစွာ ပြည့်ဖြိုးထွန်း ဆီအုန်းစိုက်ပျိုးရေးကုမ္ပဏီ အမျိုးသမီးများက တေးသရုပ်ဖော်အကဖြင့် ဧည့်ခံဖျော်ဖြေပေးသည်။  ဆက်လက်၍ မောတောင် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ထိုက်က သင်တန်းဆင်း အမှာစကားပြောကြားပေးပြီး အားကစား ကဏ္ဍအလိုက် သင်တန်းဆင်းလက်မှတ်များကို မြို့အုပ်ချုပ်ရေးမှူး၊ အမှတ်(၃) ပြည့်ဖြိုးထွန်း ဆီအုန်းစိုက်ပျိုးရေးကုမ္ပဏီ အထွေထွေမန်နေဂျာ ဗိုလ်ကြီးကျော်နိုင်(ငြိမ်း)၊ နယ်မြေခံ တပ်ရင်းမှူး၊ မြို့နယ်အား ကစားနှင့်ကာယပညာဦးစီးဌာန နည်းပြ ဦးထွန်းလင်းအောင်နှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြသည်။

အဆိုပါ နွေရာသီအားကစားသင်တန်းတွင် ဘောလုံး(ကျား+မ)၊ အေရိုးဗစ်(မ)၊ ဘော်လီဘော (ကျား+မ)၊ ခြင်းလုံး(ကျား+မ)၊ လက်ဝှေ့ (မ) စသည့် အားကစားနည်း(၅)မျိုးကို (၂၀-၃- ၂၀၂၂) နေ့မှစ၍ တစ်နေ့လျှင် နံနက် (၁)ကြိမ်၊ ညနေ(၁)ကြိမ် ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)