မြိတ်မြို့တွင် ရွှေထည်ပစ္စည်းအတုများ လိမ်လည်ပေါင်နှံသူများအား ဖမ်းဆီးရမိ

ထားဝယ် စက်တင်ဘာ ၂

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ အောင်ဆန်းလမ်းမကြီးရှိ ရွှေဆိုင်ပိုင်ရှင် ဦး----က ဩဂုတ်လ ၂၅ ရက်နေ့တွင် ၎င်းပိုင်ရွှေဆိုင်သို့ ရွှေထည်ပစ္စည်းအတုများ လာရောက်လိမ်လည်ပေါင်နှံသူ အမျိုးသား (၂) ဦးအား စုံစမ်းဖော်ထုတ်အရေးယူပေးရန် ဩဂုတ်လ ၃၀ ရက်က မြိတ်မြို့မရဲစခန်းသို့ လာရောက်တိုင်ကြားခဲ့ရာ အမှုဖွင့်စစ်ဆေးဆောင်ရွက်ခဲ့သည်။

အမှုနှင့်ပတ်သက်၍ မြိတ်မြို့မရဲစခန်းမှ ဒုရဲအုပ်မြင့်ဇော် ဦးစီးတပ်ဖွဲ့ဝင်များက လိုက်လံစုံစမ်းထောက်လှမ်းခဲ့ရာ ဩဂုတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းတွင် မြိတ်မြို့၊ စည်ပင်သာယာဈေးကြီးဝန်းအတွင်း ရွှေထည်ပစ္စည်းအတုများအား လိုက်လံလိမ်လည်ပေါင်နှံသူ အောင်မြတ်သူ (ခ) နိုင်လင်းဦး (၃၀) နှစ်၊ မြောက်ဥက္ကလာပမြို့၊ ရန်ကုန် တိုင်းဒေသကြီးနေသူအား ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးမေးမြန်းရာ ၎င်းနှင့်အတူ ချိုလင်း၊ သန့်ဇင်ဝင်း (ခ) ကျော်စွာ၊ အောင်ဌေးနှင့် အောင်ကိုလတ်၊ ရန်ကုန်တိုင်းဒေသကြီးနေသူတို့ ပူးပေါင်းကျူးလွန်ခဲ့ကြောင်း သိရှိရပြီး ချိုလင်းပါ (၄) ဦးမှာ မော်တော်ယာဉ်ဖြင့် မြိတ်မြို့မှထွက်ခွာတိမ်းရှောင်သွားသည်ကို ၎င်းတို့တည်းခိုနေထိုင်ခဲ့သည့် တည်းခိုခန်းရှိ သက်သေများ၏ထွက်ဆိုချက်များအရ လည်းကောင်း၊ CCTV မှတ်တမ်းများအရလည်းကောင်း တွေ့ရှိရသဖြင့် သရက်ချောင်းမြို့မရဲစခန်းသို့ ဆက်သွယ်အကြောင်းကြားခဲ့ရာ ညနေ ၅ နာရီခန့်တွင် ဖမ်းဆီးရမိခဲ့သဖြင့် ရွှေထည်ပစ္စည်းအတုများအား လိမ်လည်ပေါင်နှံသူ အောင်မြတ်သူ(ခ)နိုင်လင်းဦးပါ (၅) ဦးအား အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက် ရှိသည်။

အလားတူ မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ မြို့သစ်ဈေးကြီးအပြင်တန်း၌ ဖွင့်လှစ်ထားသော ရွှေဆိုင်ပိုင်ရှင်  ဒေါ်----က မြိတ်မြို့မရဲစခန်းတွင် ရွှေအတုပေါင်နှံသူများအား ဖမ်းဆီးရမိထားကြောင်း သတင်းရရှိသဖြင့် ၎င်းဆိုင်သို့ ဩဂုတ်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် အမည်မသိ အသက် (၅၀) နှစ်ခန့် အမျိုးသားတစ်ဦးမှ လာရောက်ပေါင်နှံထားသော ရွှေလက်ကောက်တစ်ကွင်းအား မှတ်ကျောက်တင်စစ်ဆေးခဲ့ရာ ရွှေအတုဖြစ်နေ ကြောင်းသိရှိရ၍ CCTV မှတ်တမ်းမှ ဓာတ်ပုံအားထုတ်ယူပြီး ရဲစခန်းသို့သွားရောက်ကြည့်ရှုရာ ရွှေအတုလာရောက် လိမ်လည်ပေါင်နှံသူမှာ အမှုဖြင့်ဖမ်းဆီးထားသူများအနက်မှ အောင်ဌေး (၅၀) နှစ်ဖြစ်ကြောင်း တွေ့ရှိရသဖြင့် ရွှေထည်ပစ္စည်းအတုများအား လိမ်လည်ပေါင်နှံသူ အောင်မြတ်သူ (ခ) နိုင်လင်းဦးပါ (၅)ဦးအား မြိတ်မြို့မရဲစခန်းတွင် ထပ်မံအမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(တိုင်းဒေသကြီးပြန်/ဆက်)