မင်းဘူး ဧပြီ ၁၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု) မြို့နယ်အတွင်းရှိ သမိုင်းဝင်တန်ခိုးကြီး ပါဒစေတီတော်ဖြစ်သော မန်းရွှေစက်တော်ဘုရားကြီး၌ သင်္ကြန်နှစ်သစ်ကူးရုံးပိတ်ရက်များတွင် တည်းခိုဆောင်များ ပြည့်လျှံသည်အထိ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း ရွှေစက်တော် ဂေါပကထံမှ သိရသည်။
“ကျွန်တော်တို့ အရင်ရက်များက တစ်နေ့လျှင် ဘုရားဖူးပြည်သူ ၁၀၀၀ ခန့်လောက် လာရောက်ဖူးမြော်ကြသော်လည်း ယခုရက်တွေလောက် မလာကြဘူးဗျ၊ အခုရက်က သင်္ကြန်နှစ်သစ်ကူးရုံးပိတ်ရက်လည်းဖြစ် နှစ်ဆန်း (၁) ရက်နေ့မှာလည်း ခြေတော်ရာတွေက ပိတ်သိမ်းတော့မှာဆိုတော့ ပွဲတော်မပိတ်သိမ်းမီ လာရောက်ဖူးမြော်ကြတာထင်ပါတယ်၊ ဆရာတို့ မြင်တဲ့အတိုင်း တည်းခိုဆောင်တွေ ပြည့်လျှံသည်အထိပါ ဘဲ” ဟု ရွှေစက်တော်ဂေါပက ဒုဥက္ကဋ္ဌ ဦးထွန်ဝေက ပြောသည်။
မန်းရွှေစက်တော် ဘုရားပွဲတော်ကိုနှစ်စဉ် တပို့တွဲလဆန်း ၅ ရက်နေ့မှ နှစ်ဆန်း ၁ ရက်နေ့အထိ ၃ လတိုင် ကျင်းပခဲ့ပြီး ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိကြောင်း၊ ယခုနှစ်တွင် တည်းကျောင်းများမှာ ညအိပ် တည်းခိုခွင့်မပြုဘဲ နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိသာ တည်းခိုဖူးမြော်ခွင့်ပြုထားကြောင်း၊ လှေတင်တံတားထိပ်မှ ဆေးထိုးလက်မှတ်၊ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းများပါမှသာ ဝင်ရောက် ဖူးမြော်ခွင့်ပြုထားပြီး သင်္ကြန်နှစ်သစ်ကူး ရုံးပိတ်ရက်တွင် ဘုရားဖူးအစည်ကားဆုံးဖြစ်ကြောင်း ရွှေစက်တော်ဂေါပကထံမှ သိရသည်။
ဇေယျာထက်(မင်းဘူး)