အမာ စက်တင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့အတွင်းရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း၊ ကလေးငယ်များအား ကိုယ်အလေးချိန်နှင့် ကျန်းမာရေး စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက အမာမြို့၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၌ ဆရာမဒေါ်ခင်ချောစုထွေးနှင့် ဝန်ထမ်းများက ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရာတွင် ကျန်းမာရေးဝန်ထမ်းများက ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရန်နှင့် လူစုလူဝေးမဖြစ်စေရန်အတွက် ကလေးငယ်များအား အလှည့်ကျဆေးထိုး၊ ဆေးတိုက် ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ဆေးထိုးဆေးတိုက်ဆောင်ရွက်ရာတွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များအား အသက်အရွယ် အလိုက် လစဉ်ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါဘီ၊ ဦးနှောက်အမှေးရောင်၊ ငါးမျိုးစပ် ကာကွယ်ဆေး၊ ပြင်းထန်အဆုပ်ရောင်(ပီစီဗွီ)၊ ဝက်သက်၊ ဂျိုက်သိုး၊ ရောဂါကာကွယ်ဆေး စသည်တို့ကို ထိုးနှံပေးခြင်း ပိုလီယို အကြောသေရောဂါ ကာကွယ်ဆေး တိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင် မိခင်များအား မေးခိုင်၊ ဆုံဆို့ကာကွယ် ဆေးများ ထိုးနှံပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နော်လေး(အမာ)