ပွင့်ဖြူ ဧပြီ ၁၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဖြတ်သန်းသွားလာသော ခရီးသွားပြည်သူများ ခရီးသွား လာရာ၌ နိုင်ငံသားစိစစ်ရေးကတ်ပြား ပါ/မပါ ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းလုပ်ငန်းကို ဌာန ဆိုင်ရာများ ပူးပေါင်းအဖွဲ့က ယနေ့နံနက်ပိုင်းက မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်တို့တွင် စုပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးညွန့်ဝင်းထူးနှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း ဖြတ်သန်းသွားလာသော ခရီးသည် ပို့ဆောင်ရေးယာဉ်များ၊ ကုန်တင်ယာဉ်ကြီးများ၊ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် စီးနင်းသွားလာသူများကို ရပ်တန့်စစ်ဆေးပြီး ခရီးသွားလာ ရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ပါ/မပါ ကြည့်ရှုစစ်ဆေးပြီး ခရီးသွားပြည်သူများအနေဖြင့် မြို့နယ်ပြင်ပသို့ ခရီးသွားမည်ဆိုပါက သက်ဆိုင်ရာမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီး ဌာနမှ ထုတ်ပေးထားသော နိုင်ငံသားစိစစ်ရေးကတ်၊ ဧည့်နိုင်ငံသားကတ်၊ ပြုနိုင်ငံသားကတ်များကို တစ်ပါတည်းယူဆောင်ပြီး ခရီးသွားလာကြရန်၊ နိုင်ငံသားကတ်ပြား မပြုလုပ်ရသေးပါက ရရှိအောင် ဆောင်ရွက်သွားကြရန် အသိပညာပေး ဆွေးနွေး ပြောကြားခဲ့သည်။
ယခုကဲ့သို့ ခရီးသွားပြည်သူများအား အပြင်သွားလာရာ၌ နိုင်ငံသားစိစစ်ရေးကတ်ပြား ယူဆောင်သွားလာ ကြရန် အသိပညာပေးခြင်းနှင့် စစ်ဆေးခြင်းလုပ်ငန်းကို ပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရေး အတွက် စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်မြတ်ခိုင်ထံမှ သိရသည်။
နိုင်ငံတစ်ဝန်း ဧပြီလ(၁)ရက်နေ့မှ စတင်ပြီး ပြည်သူများကို ခရီးသွားလာရာတွင် နိုင်ငံသားကတ်ပြား တစ်ပါတည်း ယူဆောင်၍ ခရီးသွားလာကြရန် ကြိုတင်အသိပေးနှိုးဆော်ထားပြီးဖြစ်ရာ နိုင်ငံတော်အစိုးရမှ နိုင်ငံတစ်ဝန်း အသက်(၁၆)နှစ်နှင့် အထက် အကျုံးဝင်သူများအား ဥပဒေအရ နိုင်ငံသားအသိအမှတ်ပြု ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး " လူမှုဘဝ ဖွံ့ဖြိုးဖို့ နိုင်ငံသားကတ် ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနများမှ ပန်းခင်းစီမံချက် အစီအစဉ်ဖြင့် ပြည်သူများကို နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်နိုင်ရေး အခမဲ့ ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )