ဒိုက်ဦး၌ ကိုဗစ်ကာကွယ်ဆေး Booster Dose ဆက်လက်ထိုးနှံပေး

ဒိုက်ဦး ဧပြီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံထားပြီး ခြောက်လပြည့်ပြီးသည့် ပြည်သူများအား ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ဒိုက်ဦးမြို့နယ် ပြည်သူ့ဆေးရုံကြီး၌ ဆက်လက်ထိုးနှံပေးသည်။

ကာကွယ်ဆေးအားထိုးခြင်းအား နံနက် ၉ နာရီမှစတင်ဆောင်ရွက်ပြီး ဆေးထိုးသူများအနေဖြင့် ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးမြောက်ကြောင်း ကဒ်ယူဆောင်လာကြရန်၊ လုံးဝမထိုးနှံရသေးသော သူများ မှတ်ပုံတင်ယူဆောင်လာရန်၊ ဒုတိယအကြိမ် Date ပေးထားသူများ စလစ် “ယူဆောင်လာပါရန် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီက အသိပေးထားသည်။

အဆိုပါဆေးထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster Dose အဖြစ် ရုရှားနိုင်ငံထုတ် Sputnik Light ကိုဗစ်ကာကွယ်ဆေးကို ထိုးနှံပေးခြင်းဖြစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်နှင့် စေတနာ့ဝန်ထမ်းများက လိုအပ်သည်တို့ကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။ 

မြို့နယ်(ပြန်/ဆက်)