မင်းဘူး ဧပြီ ၁၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း သဘာဝဘေးကြောင့် ဖြစ်ပွား ခဲ့သော လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ယနေ့နံနက် ၉ နာရီအချိန်က မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံး၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
မင်းဘူး(စကု)မြို့နယ်အတွင်း၌ (ယခုလ) ဧပြီ ၈ ရက်နေ့ ညနေပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး လေပြင်းတိုက်ခတ်မှုများကြောင့် ဆင်ခေါင်း၊ ကဒီးနှင့် ကိုင်းတောကြီးကျေးရွာတို့တွင် အိမ်ထောင်စု (၆)စု လူဦးရေ (၁၉)ဦး လေဘေးသင့်ခဲ့ရကြောင်း ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဝင်းထံမှ သိရသည်။
အဆိုပါကျေးရွာများမှ လေဘေးသင့် အိမ်ထောင်စု (၆)စု၊ လူဦးရေ (၁၉)ဦး အတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး စုစုပေါင်းထောက်ပံ့ငွေ (၅၈၉,၉၀၀) ကျပ်အပြင် အိမ်ထေင်စု တစ်စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးတို့ကို ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ကျေးရွာအုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)