ကော့သောင်း ဧပြီ ၁၀
နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်းအကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံရပြီးပြန်လည်လွှတ်မြောက်လာသည့် မြန်မာနိုင်ငံသား ခလေးငယ်(၈)ဦးအပါအဝင် အမျိုးသား ၉၃ ဦး၊ အမျိုးသမီး ၆၀ ဦး၊ စုစုပေါင်း အလုပ်သမား (၁၅၃)ဦး ယမန်နေ့ မွန်းလွဲပိုင်းက ထိုင်းနိုင်ငံရနောင်း မြို့မှတဆင့် မြန်မာနိုင်ငံကော့သောင်းမြို့၊ တာဝန်ရှိအဖွဲ့အစည်းများထံသို့ ရေလမ်းခရီးမှ လာရောက်လွှဲ ပြောင်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ မြန်မာအလုပ်သမားများမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလတစ်လျှောက် အကြောင်းအမျိုးမျိုးဖြင့် ထိုင်းနိုင်အတွင်းပိတ်မိနေသူများနှင့် အရေးယူခံနေခဲ့ရသူများဖြစ်ကာ ယခုကာလအတွင်း ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ဗီဇပြောင်းအိုမီခရွန် ရောဂါပိုးတွေ့ရှိမှုဖြစ်ပေါ်နေသဖြင့် ပြန်လည်ဝင်ရောက် လာသည့် အလုပ်သမားများကို ကော့သောင်းခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ ၊ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများက ကိုဗစ်-၁၉ ရောဂါကူးစက်မှုသံသယ ရှိသူများ ပါဝင်လာခြင်းရှိ မရှိ၊ မြန်မာနိုင်ငံသား မဟုတ်သူများပါဝင်လာခြင်းရှိမရှိ၊ မူးယစ်ဆေးဝါး သယ်ဆောင်လာခြင်းရှိမရှိ သတိပြုစစ်ဆေးလက်ခံခဲ့ပြီး အစားအ သောက်၊ ကျန်းမာရေးနှင့် လိုအပ်သည့် ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးခဲ့ကြသည်။
ပြန်လည်ဝင်ရောက်လာသူများကို ကော့သောင်းမြို့ရှိ Quarantine Center (၃)ခုတွင် အမျိုးသား၊ အမျိုးသမီး သီးခြားစီခွဲခြားထားရှိအထူးကြပ်မတ်ကာ (၁၀)ရက် အသွားအလာကန့်သတ် ထားရှိစောင့်ကြည့်ပြီး ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိခြင်းမရှိမှသာ မိမိတို့နေအိမ်အသီးသီးသို့ ပြန်လည် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)