ဟင်္သာတမြို့နယ်တွင် နွေရာသီအခြေခံအားကစား သင်တန်းများဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ဟင်္သာတ ဧပြီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက် ကာလများ အတွင်း လူငယ်မောင်မယ်များ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချနိုင်စေရေး၊ တစ်မျိုးသားလုံး၏ ကာယ၊ ဉာဏ၊ စာရိတ္တများ ဖွံ့ဖြိုးတိုးတက်လာစေရေးကို ရည်ရွယ်၍ ကျွမ်းကျင်အားကစား နည်းပြများနှင့် အတူ မြို့နယ်အားကစားခန်းမနှင့် မြို့နယ်ဘောလုံးကွင်းတို့တွင် နွေရာသီအခြေခံအားကစား သင်တန်းများကို ဖွင့်လှစ်ခဲ့ရာ ယမန်နေ့ နံနက်(၁၀)နာရီ၌ မိုးလုံလေလုံအားကစားရုံကြီးတွင် သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ကျင်းပ ဆောင်ရွက်ခဲ့သည်။

အဆိုပါ သင်တန်းတွင်  အေရိုးဗစ်၊ ရိုးရာခြင်းလုံးခတ်၊ မြန်မာ့သိုင်း၊ ဘောလုံး၊ ပြေးခုန်ပစ်၊ စားပွဲတင်တင်းနစ်၊ မြန်မာ့ရိုးရာလက်ဝှေ့ အားကစားနည်းများ ပါဝင်သင်ကြားပေးခဲ့ပြီး သင်တန်း ဆင်းပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကိုယ်စား ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးသူရိန်မှ ကျောင်းသား၊ ကျောင်းသူများ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရန်နှင့် ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အခြေခံအားကစားသင်တန်းများကို ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း တစ်မျိုးသားလုံး ကျန်းမာသန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်ရေး အတွက် အခြေခံအားကစားသင်တန်းများကို ဖွင့်လှစ်ခြင်းဖြင့် ထူးချွန်ထက်မြက်သော အားကစားလူရည်ချွန် မျိုးဆက်သစ်များ ပေါ်ပေါက်လာစေရန်ဖြစ်ကြောင်း အမှာစကား ပြောကြားပြီးနောက် တာဝန်ရှိသူများက သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခြင်း၊ သင်တန်းကာလ တစ်လျှောက် ထူးချွန်အားကစား သင်တန်းသားများအား ဆုချီးမြှင့်ခြင်း၊ မြန့်မာ့သိုင်း၊ ရိုးရာခြင်း၊ အေရိုးဗစ် မြန်မာ့ရိုးရာလက်ဝှေ့ စသည့် အားကစားနည်းများအလိုက် နည်းပြဆရာနှင့် သင်တန်း သားများမှ သရုပ်ဖော်ပြသခြင်းတို့ဖြင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားသို့ ဟင်္သာတခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အာကစားနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ၊ မိဘများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ကိုဇော်-ဟင်္သာတ