အိမ်မဲမြို့နယ်တွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲ၊ သစ်စိမ်းမြေသြဇာ မျိုးစေ့ကြဲပတ်ပွဲ၊ ပိုက်ဆံလျှော်မျိုးစေ့ထုတ် စိုက်ခင်းခြွေလှေ့ပွဲကျင်းပ

အိမ်မဲ ဧပြီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာ၌ သစ်စိမ်း မြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲ၊ သစ်စိမ်းမြေသြဇာမျိုးစေ့ကြဲပတ်ပွဲ၊ ပိုက်ဆံလျှော် မျိုးစေ့ထုတ် စိုက်ခင်းခြွေလှေ့ပွဲကို တောင်သူဦးစိန်မောင်သန်း၏ လယ်မြေတွင် ယမန်နေ့ ညနေ ၅ နာရီအချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူး ကောင်းမြတ်စံနှင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးတင်မောင်ဦးတို့က သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) မျိုးစေ့များကို တောင်သူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး တက်ရောက်လာသူများက သစ်စိမ်းမြေသြဇာ မျိုးစေ့ကြဲပတ်ပွဲနှင့် ပိုက်ဆံ လျှော်မျိုးစေ့ထုတ် စိုက်ခင်းခြွေလှေ့ပွဲကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

"ပိုက်ဆံလျှော် မျိုးစေ့ထုတ်ခြွေလှေ့တာက မျိုးစေ့တွေကို လယ်ကန်သင်းပတ်ပတ်လည်မှာ စိုက်ပျိုးထားခြင်းဖြစ်ကာ ယနေ့ခြွေလှေ့တာကတော့ ၇ ဧကမှာ စိုက်ပျိုးထားတဲ့ မျိုးစေ့ကို ခြွေလှေ့ပြီး ၂၀ တင်းထွက်ရှိပါတယ်။ တစ်ဧက မျိုးစေ့ ၃ တင်းနှုန်းထွက်ရှိကြောင်း" မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး ပြောကြားချက်အရ သိရသည်။

"သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးတဲ့ အကျိုးကျေးဇူးတွေကတော့ ဓာတ်မြေသြဇာသုံးစွဲမှုလျော့ချရေးနဲ့ မြေဆီလွှာများ ပြုပြင်တိုးတက်လာမှာဖြစ်ပါတယ်။ အဓိက ဘာရမလဲဆိုတော့​မြေဆီလွှာရဲ့ ရုပ်ဂုဏ်သတ္တိ၊ ဓာတ်ဂုဏ်သတ္တိကို ပြောင်းလည်းစေပြီး သစ်ဆွေးဓာတ်ပိုမိုရရှိမှာဖြစ်ပါတယ်။ ဒါကြောင့်မြေကြီးတွေကို ရေရှည်တည်မြဲသော စိုက်ပျိုးရေးစနစ်ကို ဆောင်ရွက်နိုင်မှာပါလို့” အိမ်မဲမြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးတင်မောင် ဦးက ပြောသည်။

ချစ်သက်လယ်(အိမ်မဲ)