ပွင့်ဖြူမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပဆောင်ရွက်

ပွင့်ဖြူ ဧပြီ ၁၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပွင့်သာမြေ စာအုပ် စာစောင်ချစ်မြတ်နိုးသူများ (Book Club) အဖွဲ့တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲကို မြို့နယ်အတွင်းရှိ စာပေဝါသနာရှင်များနှင့် စာတတ်သူတိုင်း စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေကာ ပြင်ပစာပေအသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ စီစဉ်ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရကာ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထိန်လင်းက စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ မြို့နယ်ပွင့်သာမြေစာအုပ် စာစောင်ချစ်မြတ်နိုးသူများ(Book Club)အဖွဲ့မှ အတွင်းရေးမှူး အငြိမ်းစား ကျောင်းအုပ် ဆရာကြီး ဦးကျော်စိုးက စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် “အောင်မြင်မှုနှင့် ပျော်ရွှင်ခြင်း” စာအုပ်တွင် ပါရှိသော ကျန်းမာအောင် ပြုမူနေထိုင်ရမည့်အချက်များ၊ အချိန်ကို အကျိုးရှိစွာ အသုံးချခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ၊ ပညာသင်ကြားရာ၌ ဇွဲ၊ လုံ့လ၊ ဝိရိယတို့ဖြင့် ကြိုးစားပါကဘဝရည်မှန်းချက်ပန်းတိုင် အောင်မြင်စွာ ရရှိပိုင်ဆိုင်နိုင်မှုများ၊ လူသားတိုင်း တွင် ထားရှိရမည့် မြင့်မြတ်သော စိတ်ထားနှင့် အကျင့်စရိုက်များ စသည့် စာပေသိမှတ်ဖွယ်ရာများကို ဦးဆောင်ဆွေးနွေးရာ တက်ရောက်လာသည့် စာပေဝါသနာရှင်များနှင့် ဝန်ထမ်းများက မိမိတို့ ဖတ်ရှုထားသည့် သိမှတ်ဖွယ်ရာများကို အပြန်အလှန် ဆွေးနွေးကြပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ကြသည်။

ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အားလပ်ချိန်များတွင် စာပေလေ့လာဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများကို သိရှိစေကာ ပြင်ပအသိပညာ ဗဟုသုတ တိုးပွားစေရန်အတွက် ယခုကဲ့သို့ စာဖတ်ဝိုင်း ဆွေးနွေးပွဲများကို မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူ များအသင်း(BookClub)နှင့် ပူးပေါင်းပြီး လစဉ် ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  

ရဲဝင်းနိုင် (ညောင်ဦး)