ကျုံပျော်မြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ ပြည်သူ့အကျိုးပြု သန့်ရှင်းရေး‌လုပ်ငန်းများ ဆောင်ရွက်

ကျုံပျော် ဧပြီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ ပြည်သူ့အကျိုးပြု သန့်ရှင်းရေး‌လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ဗိုလ်ချုပ်လမ်းမကြီးနံ‌ဘေး ကျုံပျော်မြို့အဝင်မုခ်ဦး ဆိုင်းဘုတ်ဝန်းကျင်၌ ယမန်နေ့က  ပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးဇေယျမင်းနှင့် အဖွဲ့ဝင်များ၊ စည်ပင်သာယာ‌ရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်သန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊  ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေး ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေ ပြည်သူများ ပူးပေါင်း၍  ကားလမ်း‌ဘေး ဝဲယာရှိအမှိုက်များ သိမ်းဆည်းရှင်းလင်းခြင်း၊ မြို့အဝင်ဆိုင်းဘုတ်ဝန်းကျင် ပိုမို သာယာလှပရေးတို့ကို စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့မြို့နယ် စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာ လှပရေးအတွက် စနေနေ့တိုင်း ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပြည်သူများ ပူးပေါင်းကာ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင်လည်း အုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူများစုပေါင်းကာ ဘုရားစေတီ ပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်များ၊ ကျေးရွာတွင်း အိမ်များ၊ လမ်းမများတွင် လည်း စုပေါင်းသန့်ရှင်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် မြို့သာယာလှပရေး၊ အမှိုက်ကင်းစင်‌ရေးတို့အတွက်  မြို့နယ်စည်ပင်သာယာရေးအဖွဲ့က အမှိုက်စနစ်တကျစွန့်ပစ်ရေး အသိပေးကြေငြာခြင်းကိုလည်း လှုံ့ဆော်ဆောင်ရွက်လျက်ရှိပြီး လမ်းသွား လမ်းလာပြည်သူများ အမှိုက်များ စွန့်ပစ်ရန်အတွက်လည်း လမ်းမကြီးများရှိ ဓာတ်တိုင်များတွင် အမှိုက် ခြင်းများ ချိတ်ဆွဲပေးကာ အမှိုက်သိမ်းခြင်းလုပ်ငန်းကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)