သဲကုန်းမြို့နယ်တွင် ကလေးငယ်များအား ပုံမှန်ကြိုတင်ကာကွယ် ဆေးထိုးနှံတိုက်ကျွေး

သဲကုန်း စက်တင်ဘာ ၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန် ကာကွယ် ဆေးထိုးနှံတိုက်ကျွေးခြင်း၊ ကလေးငယ်များအား ကိုယ်အလေးချိန်နှင့် ကျန်းမာရေး စစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီက မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများ ပူးပေါင်း၍ သဲကုန်းမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရာတွင် ကျန်းမာရေးဝန်ထမ်းများက ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင် များအား Covid-19 ကြိုတင်ကာကွယ်ရန်နှင့် လူစုလူဝေး မဖြစ်စေရန် အတွက် ကလေးငယ်များအား အလှည့်ကျ ဆေးထိုး၊ ဆေးတိုက်ပေးခြင်းတို့ကို ဆောင်ရွက် ပေးခဲ့သည်။

ထိုသို့ ဆေးထိုးဆေးတိုက် ဆောင်ရွက်ရာတွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များအား အသက်အရွယ် အလိုက် လစဉ်ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါဘီ၊ ဦးနှောက်အမှေးရောင်၊ ငါးမျိုးစပ် ကာကွယ် ဆေး၊ ပြင်းထန်အဆုပ်ရောင်(ပီစီဗွီ)၊ ဝက်သက်၊ ဂျိုက်သိုး၊ ရောဂါကာကွယ်ဆေး စသည်တို့ကို ထိုးနှံပေးခြင်း ပိုလီယို အကြောသေရောဂါ ကာကွယ်ဆေးတိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်၊ ဆုံဆို့ ကာကွယ်ဆေးများ ထိုးနှံ ပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းတို့ကို ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

နိုင်လင်း(ပြန်/ဆက်)