ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဇွဲကပင်အားကစားကွင်းအဆင့်မြှင့်တင်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)၌ အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းခြင်း သင်တန်းဆင်းပွဲ တက်ရောက်

ဘားအံ ဧပြီ ၉

ကရင်ပြည်နယ်၊ ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်းကို အဆင့်မီအားကစားကွင်း အဖြစ် တည်ဆောက်ရေးလုပ်ငန်းများဖြင့် အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် အဆိုပါအားကစားကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇွဲကပင်အားကစားကွင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း အနောက်ဘက် ပွဲကြည့်စင် (၄၈၀ ပေ x ၆၀ ပေ)တည်ဆောက်ရေးလုပ်ငန်း၊ ဘောလုံးကွင်းအဆင့်မြှင့်တင်ခြင်းနှင့် မီတာ ၄၀၀ Synthetic ပြေးလမ်းခင်းခြင်းလုပ်ငန်း၊ တောင်ဘက်ပွဲကြည့်စင်(၂၈၀ ပေ x ၃၅ ပေ)တည်ဆောက်ခြင်းလုပ်ငန်း၊ အရှေ့ဘက် ပွဲကြည့်စင် (၄၄၀ ပေ x ၃၅ ပေ)တည်ဆောက်ခြင်းလုပ်ငန်းနှင့် မြောက်ဘက်ပွဲကြည့်စင်(၂၈၀ ပေ x ၃၅ ပေ) တည်ဆောက်ခြင်းလုပ်ငန်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားကာ သတ်မှတ်စံချိန်စံနှုန်း များနှင့်အညီ အမြန်ဆုံးပြီးစီးနိုင်ရေး လမ်းညွှန်မှာကြားခဲ့သည်။

အလားတူ ကရင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီနှင့် ပညာရေးနှင့်အသက်မွေးဝမ်းကျောင်း လုပ်ငန်းကော်မတီတို့မှကြီးမှူး၍ ပြည်နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)တို့ ပူးပေါင်းဖွင့်လှစ်သည့် အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းခြင်း သင်တန်းဆင်းပွဲကို ဧပြီလ ၈ ရက်နေ့ မွန်လွဲ ၂ နာရီခန့်က အစိုးရနည်းပညာ အထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယခုသင်တန်းဆင်း သင်တန်းသားများသည် အသက် ၁၄ နှစ်မှ ၁၈ နှစ်အရွယ် ကလေးသူငယ်များဖြစ်ကြပြီး သက်မွေးပညာရပ်များကို ကြိုးကြိုးစားစားသင်ယူ တတ်မြောက်ပြီးစီးသွားသည့်အတွက် အထူးပင်ဝမ်းသာဂုဏ်ယူမိပါကြောင်း၊ သင်ယူလေ့လာပြီးသည့်ပညာရပ်များကို ရပ်မထားဘဲ ဆက်လက်လေ့လာကြစေလိုကြောင်း၊ လျှပ်စစ်နှင့်ပတ်သက်၍ ဝါယာသွယ်တန်းခြင်းကို မြို့နှင့်တောရွာ မကျန် တွင်တွင်ကျယ်ကျယ်လုပ်ကိုင်နေကြပြီဖြစ်သည့်အတွက် သင်တန်းသားများအနေဖြင့် အလုပ်အကိုင်အခွင့် အလမ်းများ ရရှိပြီး တစ်ဦးချင်းဝင်ငွေပိုမိုမြင့်မားလာစေမည်ဖြစ်ကြောင်း၊ ဆက်လက်၍ သက်မွေးပညာရပ်များကို လေ့လာဆည်းပူးပြီး မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ သင်ယူရရှိခဲ့သည့် အသိပညာ၊ ဗဟုသုတနှင့်ကျွမ်းကျင်မှုများကို အသုံးချပြီး မိမိတတ်ကျွမ်းခဲ့သည့်ပညာရပ်များဖြင့် မိမိဒေသအကျိုး မိမိ ရပ်ရွာအကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းခြင်းသင်တန်းတွင် ထူးချွန်ဆု ရရှိသူများကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းက သင်တန်းဆင်း အောင်လက်မှတ်များကို လည်းကောင်း၊ ကရင်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးကျော်စိုးက သင်တန်းနည်းပြ ဆရာများအား ဂုဏ်ပြုဆုများကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် သင်တန်းဆင်းပွဲသို့ တက်ရောက်လာသူများက ထူးချွန်သင်တန်းသားများနှင့် သင်တန်းဆင်းသင်တန်းသားများ လက်တွေ့ဆောင်ရွက်ထားသော အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းမှု လက်ရာများအား ကြည့်ရှုအားပေးကာ သင်တန်းဆင်းသင်တန်းသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားများပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)