မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူး(စကု)မြို့နယ် ကျောက်စံကျေးရွာရှိ ဒေသခံတောင်သူများနှင့် ဖူးပွင့်မျိုးစေ့ထုတ်သမဝါယမအသင်းတို့ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် နွေစပါးမျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးနေမှုအား ကြည့်ရှုစစ်ဆေး

မင်းဘူး   ဧပြီ     ၉

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ ဧပြီ ၉ ရက် (ယနေ့) နံနက် ၇ နာရီခွဲ အချိန်က မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ကျောက်စံကျေးရွာရှိ ဒေသခံ တောင်သူများနှင့် ဖူးပွင့်မျိုးစေ့ထုတ် သမဝါယမအသင်းတို့ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် နွေစပါး မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးနေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်စံကျေးရွာရှိ ကွင်းအမှတ်(၁၂၀၃)၊ ဒေသခံ တောင်သူ ဦးသန်းလွင်၏ နွေစပါးမျိုးစေ့ထုတ်စိုက်ခင်းသို့ရောက်ရှိပြီး ရှင်းလင်းဆောင်တွင် စိုက်ပျိုးရေး ဦးစီးဌာနတာဝန်ရှိသူများက နွေစပါးမျိုးစေ့ထုတ်စိုက်ခင်းအဖြစ် ဒေသခံတောင်သူ (၁၃)ဦးနှင့် ဖူးပွင့်မျိုး စေ့ထုတ်သမဝါယမအသင်းတို့ အကျိုးတူပူးပေါင်းပြီး ပခန်းရွှေဝါ မျိုးစပါး ၃၁ ဒသမ ၄၅ ဧကနှင့် ဆင်းသုခ မျိုးစပါး ၂၀ ဧက စုစုပေါင်း နွေစပါးမျိုးစေ့ထုတ်စိုက်ခင်း ၅၁ ဒသမ ၄၅ ဧက အတွင်း စိုက်ပျိုးဆောင်ရွက် ထားရှိမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဒေသခံတောင်သူများအနေဖြင့် မျိုးစေ့ထုတ် စိုက်ခင်းများ စိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့် စပါးမျိုးများကို သေခြာစိစစ်ရွေးချယ်ပြီး စိုက်ပျိုးနည်းစနစ် မှန်ကန်စွာ စိုက်ပျိုးနိုင်မှသာ စပါးအထွက်နှုန်း တိုးတက်ကောင်းမွန်မှာဖြစ်ကြောင်း၊ နွေရာသီဖြစ်တာကြောင့် စိုက်ပျိုးရေများကို စနစ်တကျပုံမှန်သွင်း၍ ဘေးထွက်ဆိုးကျိုးနည်းပါသည့် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများနှင့် ဓာတ်မြေဩဇာများကို အချိုးကျကျ သုံးစွဲရမှာဖြစ်ကြောင်း၊ သို့မှသာ မျိုးစေ့ထုတ် တောင်သူများအနေဖြင့် အကျိုးအမြတ်များစွာ ရရှိနိုင်မှာဖြစ်ကြောင်း၊ လယ်/ယာ စိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပံ့ပိုးကူညီဆောင်ရွက် ပေးသွားမှာဖြစ်ကြောင်း စသည်ဖြင့်ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက မျိုးစေ့ထုတ်စိုက်ခင်း ဆောင်ရွက်သည့် ဒေသခံတောင်သူများအတွက် ဖူးပွင့်မျိုးစေ့ထုတ်သမဝါယမအသင်းမှ ထောက်ပံ့သော ယူရီးယား ဓာတ်မြေဩဇာ တစ်ဧက ၂ အိတ်နှုန်း၊ ကွန်ပေါင်းဓာတ်မြေဩဇာ တစ်ဧက တစ်အိတ်နှုန်းဖြင့် လည်းကောင်း၊ ကောက်စိုက်သမလေးများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဧရာပဒေသာ တစ်တင်းခွဲအိတ် ဆန်အိတ် ၅ လုံးကိုလည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောက်စံကျေးရွာရှိ နွေစပါး မျိုးစေ့ထုတ်စိုက်ခင်းအတွင်း ခြောက်တန်း တစ်တန်းလှပ် စိုက်ပျိုးနေမှုနှင့် ကောက်စိုက်စက်ဖြင့် စိုက်ပျိုး နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်များမှ လယ်/ယာစိုက်ပျိုးရေးကဏ္ဍ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးမြေများ တိုးချဲ့လုပ်ကိုင်ဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်းပြီး တင်ပြမှုများ အပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)