ဝါးခယ်မ ဧပြီ ၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရွှေလောင်းကျေးရွာအုပ်စုတွင် လေပြင်း တိုက်ခတ်မှုကြောင့် ယမန်နေ့ ညနေ ၆ နာရီကလူနေအိမ်(၉)လုံးပျက်စီး၍ စာသင်ကျောင်း(၂)ကျောင်းအမိုးလန် ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ဦးခင်မောင်စန်း၏ သွပ်မိုးနေအိမ်(၁)လုံး၊ ဦးရာဇာမင်းလွင်၏ သွပ်မိုးနေအိမ်(၁)လုံး၊ ဦးဇော်မင်းဦး၏ သွပ်မိုးနေအိမ်(၁)လုံး၊ ဒေါ်တင်သန်း၏ သွပ်မိုးနေအိမ်(၁)လုံး၊ ဒေါ်သန်းဌေး၏ သွပ်မိုးနေအိမ်(၁)လုံး၊ ဦးဇော်ဝင်း၏ သွပ်မိုးနေအိမ်(၁)လုံး၊ ဦးမြထွန်း၏ သွပ်မိုးနေအိမ်(၁)လုံး၊ ဦးမင်းသူ၏ သွပ်မိုးနေအိမ်(၁)လုံး၊ ဦးမြင့်ဦးလေး၏ သွပ်မိုးနေအိမ်(၁)လုံးတို့သည် လေပြင်တိုက်ခတ်မှုကြောင့် အမိုးလန်၍ သစ်ပင်လဲခြင်းတို့ကြောင့်ပြိုကျပျက်စီးခဲ့ကြောင်းနှင့် ရေကျော်ကျေးရွာ အ.မ.က စာသင်ကျောင်း၊ တစ်ထပ်ကျောင်း(၁)ကျောင်းနှင့် အ.ထ.က ရွှေလောင်း စာသင်ကျောင်း မေခဆောင်တို့မှာ လေပြင်း တိုက်ခတ်မှုကြောင့် သွပ်အမိုးလန်ခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် နေအိမ်(၉)လုံးနှင့် စာသင်ကျောင်း(၂) ကျောင်းတို့ကို ရွှေလောင်းမှစခန်းမှူးရဲအုပ် သန်းထွန်းအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ဝါးခယ်မ)