ပေါက်ခေါင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေ

ပေါက်ခေါင်း စက်တင်ဘာ ၂

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့ လူစည်ကားရာနေရာဖြစ်သော ပြည်-တောင်ငူလမ်း မြို့မစည်ပင် သာယာဈေးကြီးရှေ့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဈေးရောင်းသူ ဈေးဝယ်သူ များနှင့် ခရီးသွားပြည်သူများအား အသိပညာပေး လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက ပေါက်ခေါင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသိမ့်သိမ့်ထွန်း ဦးဆောင်၍ မြန်မာနိုင်ငံ ကျန်းမာရေးကြီးကြပ်အသင်း (ပေါက်ခေါင်းမြို့နယ်)မှ PHS2 ဆရာ၊ ဆရာမများအဖွဲ့က ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် လက်ကို ဆပ်ပြာနှင့် သေချာစွာဆေးကြောနည်း၊ နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်အသုံးပြုရန်တို့ကို လက်တွေ့သရုပ်ပြပြီး အသိ ပညာပေး လက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်း(Mask)များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)