ပွင့်ဖြူမြို့နယ်၌ ဖူးစားပြောင်းများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း၍ ဒေသခံတောင်သူများ မိသားစု နေ့စဉ်ဝင်ငွေရရှိ

ပွင့်ဖြူ ဧပြီ  ၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း အညာကျေးလက်ဒေသများတွင် မြေအောက်ရေဖြင့် ဖူးစားပြောင်းသီးနှံများ စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ်မိသားစု ဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိနေကြကြောင်း ပွင့်ဖြူမြို့နယ် ထူးပေါက်ကျေးရွာရှိ ဖူးစား ပြောင်း သီးနှံစိုက်ပျိုးတောင်သူများထံမှ သိရသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် မြေအောက်ရေနှင့် မဲဇလီရေလွှဲဆည်ရေတို့ကို အမှီပြုပြီး စိုက်ပျိုးရေးလုပ်ငန်းကို နွေ၊ မိုး၊ ဆောင်း သုံးရာသီစိုက်ပျိုးလုပ်ကိုင်ကြပြီး သီးနှံများ စိုက်ပျိုးရာတွင် မိသားစုနေ့စဉ်ဝင်ငွေရရှိသည့် ဟင်းသီးဟင်းရွက်စားပင်သီးနှံများဖြစ်သည့် ဖူးစား ပြောင်း၊ ငရုတ်၊ ကြက်သွန်၊ ခရမ်းချဉ်၊ ခရမ်းစိမ်း၊ ခရမ်းညို၊ မုံလာဥဖြူ၊ ဆလပ်၊ ပန်းမုံလာ၊ အာလူး ၊ မုံလာဥနီ၊ ဂေါ်ဖီထုပ်၊ ကြက်ဟင်းခါး၊ နံနက်၊ ချဉ်ပေါင်၊ ပဲရှည်သီး၊ တိုင်ထောင်ပဲ အစရှိသည့် စားဖိုချောင်သီးနှံများကို အများဆုံးစိုက်ပျိုးကြကြောင်း ၊ ထို့အပြင် ဘုရားပန်းများဖြစ်သည့် ကံ့ကော် ၊ ဂန္ဓမာ ၊ မေမြို့ပန်း ၊ နှင်းပန်း ၊ နှင်းဆီပန်း ၊ သစ္စာပန်း ၊ စံပယ်ပန်း ၊ ရွက်လှပန်းမျိုးစုံနှင့် ခရေပန်းမျိုးစုံ တို့ကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။

ထိုသို့ မိသားစုဝင်ငွေတိုးပွားစေရေးအတွက် ဟင်းသီးဟင်းရွက်သီးနှံမျိုးစုံနှင့် ဘုရားပန်းမျိုးစုံစိုက်ပျိုး ရေးလုပ်ငန်းမှာ အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ်ရောင်းချရသဖြင့် မိသားစုဝင်ငွေရရှိကာ လုပ်ငန်း အဆင်ပြေလျက်ရှိကြောင်း ၊ ယခုနှစ်တွင် ဟင်းသီးဟင်းရွက်သီးနှံစိုက်ပျိုးရာ၌ ဖူးစားပြောင်းသီးနှံမှာ တစ်ဖူးလျှင် လက်လီဈေး ငွေကျပ် ၂၀၀ နှုန်း ရောင်းချရပြီး ဖောက်သည်ဈေး တစ်ဖူးကို ငွေကျပ် ၁၅၀ နှုန်း ရောင်းချနေရ၍ ဖူးစားပြောင်းသီးနှံစိုက်ပျိုးတောင်သူများ သီးနှံဝင်ငွေ အကျိုးအမြတ်ရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိနေကြကြောင်း ပွင့်ဖြူမြို့နယ် အနောက်အင်းကုန်းကျေးရွာရှိ ဒေသခံ တောင်သူများထံမှ သိရသည်။ 

ရဲဝင်းနိုင် ( ညောင်ဦး )