ထားဝယ်မြို့တွင် နွေရာသီအခြေခံအားကစားသင်တန်းများဆင်းပွဲ အခမ်းအနားကျင်းပ     

ထားဝယ် ဧပြီ ၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်းများဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ထားဝယ်မြို့၊ ရွှေဝယ်သီရိ အားကစားခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ထားဝယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ စောအောင်မွန်က လူငယ်လူရွယ်များ ဗလငါးတန် ဖွံဖြိုးတိုးတက်ပြီး အားကစားအသိစိတ်ဓာတ် ပိုမိုအသက်ဝင်ယုံကြည်လာခြင်းမှသည် တစ်မျိုးသားလုံး၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်၊ မိမိဝါသနာပါသော အားကစားနည်းများကို လေ့ကျင့်လိုက်စားခြင်းမှသည် အမျိုးသား အားကစားအဆင့်အတန်းကို တိုးတက်မြင့်မားလာစေရန်၊ နွေရာသီသင်တန်းများမှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်၊ လူငယ်၊ လူရွယ်များ နွေရာသီကျောင်းပိတ်အားလပ်ရက်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အားကစားကို ငယ်စဉ်ကတည်းက စနစ်တကျ တတ်သိနားလည်လေ့ကျင့် လာစေရန်ရည်ရွယ်ပြီး အားကစားသင်တန်း(၁၀)မျိုးကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် မိမိ၏အားကစားနည်းများကို တိုးတက်လာအောင် ဆက်လက်လေ့ကျင့် အားထုတ်သွားကြရန်လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်နှင့် တာဝန်ရှိသူများက သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ပြီး သင်တန်းဆင်း မောင်မယ်များက (ဂျူဒို၊ ကရာတေး၊ မြန်မာ့သိုင်း) အားကစားနည်းများအား သရုပ်ပြသခဲ့ကြောင်း သတင်းရရှိသည်။

ရွှေပင်လယ်(ထားဝယ်)