ပုလော ဧပြီ ၉
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် မိုးကြိုကာလ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲကို ယမန်နေ့နံနက် ၈ နာရီခွဲက ပုလောမြို့နယ် ရှပ်ပုံကျေးရွာ အုပ်စုရေချိုကျေးရွာ ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားတွင် သီးနှံများ အထွက်နှုန်းတိုးတက်စေရန် ဓါတ်မြေဩဇာများ နှစ်စဉ် ဆက်တိုက်လွန်ကဲစွာ သုံးစွဲမှုကြောင့် မြေဆီလွှာ၏ ရုပ်ပိုင်း၊ ဓာတုဓာတ်ကြွင်းများကြောင့် လူနှင့်သတ္တဝါများ အသက်အန္တရာယ်ဆုံးရှုံးမှုအား ကျော်လွှားနိုင်ရန် သက်တန်းတိုတိုအတွင်း ကြီးထွားမှုမြန်ဆန်၍ နိုက်ထရိုဂျင်ပမာဏများများ ထုတ်ပေးသည့် ပိုက်ဆံလျှော်ကို နှံစားနှင့်အခြားသီးနှံများ မစိုက်ပျိုးမီ သစ်စိမ်းမြေဩဇာအဖြစ် စိုက်ပျိုးခြင်းနှင့် Cover Crop (မြေဖုံးပင်)အဖြစ် စိုက်ပျိုးပါက အကျိုးများသည့် သီးနှံဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ ပြီး တောင်သူ (၂၁) ဦးကို မျိုးစေ့များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုဦးစီးမှူး ဦးကျော်ဇင်စိုး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာ ဘုန်းကျော် ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တောင်သူများက ကွင်းအမှတ် ၅၂ ၊ ဦးပိုင် အမှတ် (၇၂ / ၂)တောင်သူ ဦးကျော်ကြီး ဒေါ်ချိုအေးလယ်မြေ၌ သစ်စိမ်း မြေဩဇာ(ပိုက်ဆံလျှော်) ကို ကြဲပက်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
အေးအေးမော်(ပုလော)