ပုလဲ စက်တင်ဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ မုံရွာ-ပုလဲ-ဂန့်ဂေါကားလမ်းဆုံနှင့်ယာယီဈေး၌ ယမန်နေ့ နံနက် ၇ နာရီခွဲအချိန်တွင် COVID-19 ရောဂါ ကူးစက်မှု မရှိစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊နှာခေါင်းစည်း(Mask)၂၅၀၀ အခမဲ့ ဖြန့်ဝေခြင်း လုပ်ငန်းကို မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး တင်ဌေးနှင့်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဆရာဝန်ကြီး ဒေါက်တာထွန်းမင်းခန့်နှင့် ဝန်ထမ်းများ၊ မြို့နယ် စည်ပင် သာယာရေးကော်မတီ အတွင်းရေးမှူးဒေါ်မော်တူးနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီး ဌာနမှမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် စေတနာ့ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပုလဲမြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်း နိုင်က “COVID-19ရောဂါ ကူးစက်မှု မရှိစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းများကို အရှိန်မြှင့်တင် ဆောင်ရွက်နိုင်ရေးအတွက် မြို့အဝင် ကျန်းမာရေး စစ်ဆေးဂိတ်ကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ခရီးသွားပြည်သူမျာအား အပူချိန်တိုင်း ကိရိယာဖြင့် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ နှာခေါင်းစည်း (Mask) များ တပ်ဆင်၍ သွားလာနိုင်ရန် နှိုးဆော်ပေးခြင်းနဲ့ COVID-19 ရောဂါအကြောင်း အသိပညာပေး ဆွေးနွေးခြင်း လုပ်ငန်းများကို ဆောင်ရွက်နေပါတယ်။ ပြည်ပနှင့် ပြည်တွင်း ရောဂါဖြစ်ပွားရာဒေသမှ ပြန်လည်ဝင်ရောက်လာမည့် ဒေသခံ ပြည်သူများအား မြို့တော်ခန်းမ (Quarantine Center) မှာ ထားရှိပြီး ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းကို ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ဒီနေ့ နံနက်ပိုင်းမှာတော့ မုံရွာ- ပုလဲ - ဂန့်ဂေါကားလမ်းဆုံနှင့် ယာယီဈေးမှာ ပြည်သူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနဲ့ နှာခေါင်းစည်း( Mask)၂၅၀၀ အခမဲ့ ဖြန့်ဝေခြင်း လုပ်ငန်းကို ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ စေတနာ့ဝန်ထမ်းများနှင့် အတူ ပူးပေါင်း ၍ ဆောင်ရွက်ပေးခဲ့ပါတယ် ” ဟု ပြောပြသည်။
ပုလဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဆရာဝန်ကြီး ဒေါက်တာထွန်းမင်းခန့်က “ပုလဲမြို့နယ် အတွင်းရှိ ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ တတ်နိုင်သမျှ လူစုလူဝေး ရှိရာ နေရာများသို့ မလိုအပ်ဘဲ(လုံး၀)မသွားကြရန်၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာ နေထိုင်ကြရန်၊ ဖြစ်နိုင်ပါက အနည်းဆုံး ( ၆ )ပေ အကွာမှသာ နေထိုင်ပြောဆို ဆက်ဆံကြရန်၊ လိုအပ်၍ အပြင်ထွက်ပါက လူစုလူဝေးရှိသည့် နေရာများသို့ သွားသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို စနစ်တကျ မပျက် မကွက် တပ်ဆင်ကြရန်၊လက်တွင်ကပ်ပါလာနိုင်သော ဗိုင်းရပ်စ်ပိုးကို ပျက်စီးစေရန် အတွက် လက်ကို ဆပ်ပြာနှင့် ရေအသုံးပြု၍ အနည်းဆုံး စက္ကန့် (၂၀) ကြာအောင် ဆေးကြောကြရန်စတဲ့ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာဖို့ လိုအပ်ပါတယ်” ဟု ပြောပြသည်။
ပုလဲမြို့နယ်တွင် COVID-19 ရောဂါ ကူးစက်မှု မရှိစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး လုပ်ငန်းများကို အရှိန်တိုးမြှင့် ဆောင်ရွက်မည် ဖြစ်ကြောင်း မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သိရသည်။
မြင့်သိန်းစိုး(ပြန်/ဆက်)