မိုးညို ဧပြီ ၉
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန် တွင် လေဘေးသင့်နေအိမ်မှ မိသားစုများအတွက် ထောက်ပံ့ငွေကို ကျေးရွာအရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ဧပြီလ ၇ ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ငါးကယ်ကျေးရွာအုပ်စု၊ ပေကုန်းကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သော နေအိမ်တစ်လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀) ကျပ်၊ အိမ်ထောင်စုတစ်စုရှိ လူဦးရေ (၃)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ (၆၃၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၆၃၀၀) ကျပ်အား ပေကုန်းကျေးရွာသို့ သွားရောက်၍ လေဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)