စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ၏ (၄/၂၀၂၀) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မုံရွာ စက်တင်ဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ၏ (၄/၂၀၂၀)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေလယ်(၂)နာရီက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးနှင့် ကော်မတီဝင်(၉)ဦးတို့ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးက အဖွင့်အမှာ စကားပြောကြားပြီး တက်ရောက်လာကြသည့် တင်ပြချက်များကို ခြုံငုံသုံးသပ်၍ မိမိတို့အစိုးရအဖွဲ့အနေဖြင့် ဥပဒေကို လိုက်နာရေး၊ ထိရောက်အောင် ပံ့ပိုးပေးရမည်ဖြစ်ကြောင်း၊ ဒေသတွင်း တရားဥပဒေစိုးမိုးရေးကိုလည်း သက်ရောက် အောင်မြင်အောင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း တိုင်းဒေသကြီးဝန်ကြီး ဦးစိုးက ပြောကြား ခဲ့သည်။

အစည်းအဝေးတွင် မုံရွာမြို့ရှိ သိန်းကမ္ဘာနှင့် နှင်းပုလဲငရုတ်သီးမှုန့် ထုတ်လုပ်ရောင်းဝယ်ရေးမှ ငရုပ်သီးမှုန့်များတွင် ခွင့်မပြု ဆိုးဆေးများပါဝင်သဖြင့် တားမြစ်ထားသည်ကို ဆက်လက် ဆောင်ရွက် နေသဖြင့် လုပ်ငန်းနေရာ သွားရောက်စစ်ဆေးခဲ့ကြရာ သက်သေအထောက်အထားများ ရရှိခဲ့ပြီး ဖြစ်သဖြင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကပ်ရေး ဦးစီးဌာန၏ အမျိုးသားအစားအသောက် ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မည်သူမဆို စားသုံးသူကာကွယ်ရေးဥပဒေကို ချိုးဖောက်ကျူးလွန်ပါက စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း (၂၀) စီမံခန့်ခွဲရေးနည်းလမ်းအရ ပုဒ်မ-၅၂  (က) သတိပေးခြင်း၊ (ခ) ပြန်လည်ပြင်ဆင် ပေးစေခြင်း၊ (ဂ) အစားထိုးပေးစေခြင်း၊ (ဃ) ဆုံးရှုံးမှုတန်ဖိုးနှင့်အညီ ငွေပြန်လည်ပေးစေခြင်းအရ   စားသုံးသူများ လုံခြုံ စိတ်ချရမှု ရှိစေရန်နှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်တို့အတွက် စားသုံးသူကာကွယ်ရေး ဥပဒေပါ အတိုင်း လုပ်ငန်းရှင်များ၏ တာဝန်များကို လည်း အသိပညာပေးခြင်းများ စဉ်ဆက်မပျက် ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ အများပြည်သူကို ထိခိုက်နစ်နာစေမည်ဆိုပါက ဥပဒေပါ စီမံခန့်ခွဲမှုပြစ်ဒဏ်များလည်း ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်း၊ အရေးယူ ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် တိုင်းဒေသကြီးအတွင်း စားသုံးသူများအတွက် မနစ်နာစေရေးကို အထူးအလေးထား၍ တိုင်းဒေသကြီးရုံးနှင့်ခရိုင်ရုံးအသီးသီးတို့တွင် တိုင်ကြားမှုများကို လက်ခံဖြေရှင်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာ ကော်မတီအတွင်းရေးမှူး ဦးခင်မောင်လှိုင်က ပြောကြားသည်။

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လအထိ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(CICC)များမှ တိုင်ကြားမှုအပေါ် ဖြေရှင်းဆောင်ရွက်ထားရှိမှုအခြေအနေတွင် ကလေးခရိုင်တွင် တိုင်းကြားမှု (၁၆)မှု၊ ဖြေရှင်းဆောင်ရွက်ပေးနိုင်မှု(၁၆)မှု၊ ကသာခရိုင်တွင် တိုင်းကြားမှု (၁၆)မှု၊ ဖြေရှင်းဆောင်ရွက်ပေးနိုင်မှု(၁၆)မှု၊ ကန့်ဘလူခရိုင်တွင် တိုင်းကြားမှု (၇)မှု၊ ဖြေရှင်းဆောင်ရွက် ပေးနိုင်မှု(၇)မှု၊ စစ်ကိုင်းခရိုင်တွင် တိုင်းကြားမှု (၁၈) မှု၊ ဖြေရှင်းဆောင်ရွက်ပေးနိုင်မှု(၁၈)မှု၊ မုံရွာခရိုင်တွင် တိုင်းကြားမှု (၁၆) မှု၊ ဖြေရှင်းဆောင်ရွက်ပေးနိုင်မှု(၁၆)မှု၊ ယင်းမာပင်ခရိုင်တွင် တိုင်းကြားမှု (၇) မှု၊ ဖြေရှင်းဆောင်ရွက်ပေးနိုင်မှု (၇) မှုနှင့် ရွှေဘိုခရိုင်တွင် တိုင်းကြားမှု (၈)မှု၊ ဖြေရှင်း ဆောင်ရွက် ပေးနိုင်မှု (၈) မှု စုစုပေါင်း တိုင်းကြားမှု (၉၀)မှု၊ ဖြေရှင်းဆောင်ရွက်ပေးနိုင်မှု (၉၀) မှုတို့ ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန မှတ်တမ်းအရ သိရသည်။

ထွန်းကိုကို(ယင်းမာပင်)