သဲကုန်း ဧပြီ ၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေး အတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ အသိပညာပေး ဆွေးနွေးပွဲကို သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီ က ဇီးအုပ်ကျေးရွာအုပ်စု၊ ဇီးအုပ်ကျေးရွာ၌ အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သဲကုန်းမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးဟိန်းထက်စိုးက ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးများ ဖွံ့ဖြိုးတိုးတက် စေရေး၊ ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လူတစ်ဦးချင်းစီ၏ ဝင်ငွေတိုးတက်မြင့်မား လာစေရေးအတွက် လိုအပ်သည်များအား ဖြည့်ဆည်းညှိနှိုင်းပံ့ပိုး ဆောင်ရွက်ပေးနိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်စည်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး အသိပညာပေး ကော်မတီကိုဌာန (၁၃) ခုဖြင့် ဖွဲ့စည်းပြီး တစ်လလျှင်(၁၀)ရွာသို့ သွားရောက်ဆွေးနွေး လျက်ရှိရာ မိမိဒေသဖွံ့ ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည်များအား ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ သက်ဆိုင်ရာဌာနများက မိမိတို့ကဏ္ဍအလိုက် ဆွေးနွေးခဲ့ရာ အမျိုးသားမှတ်ပုံတင် ဥပဒေအသိပညာပေးခြင်း၊ ဒေသ အတွင်း ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးတိုးတက်စေရေး၊ လယ်ယာမြေ လုပ်ကိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) အမည်ပြောင်းလဲ လျှောက် ထားခြင်း၊ ကြက်မွေးမြူရေး၊ နွားမွေးမြူရေး၊ နွားမေထုံမဲ့သားဆက်ခြင်း စက်မှုလယ်ယာ လုပ်ငန်းစဉ်များအား အသိပညာပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေး၊ သမဝါယမအသင်းသစ်များ ဖွဲ့စည်းနိုင်ရေး၊ ကျေးလက်ရေရရှိရေး၊ ဆည်မြောင်းဌာနမှ ရေပေးဝေမှု အခြေအနေများ၊ ချေးငွေနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်နည်းလမ်းများအား အသီးသီး အသိပညာဆွေးနွေးဟောပြော ခဲ့ကြသည်။
ထို့နောက် ဒေသခံတောင်သူများက သိရှိလိုသည်များနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ရာ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ပြန်လည် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်၊ပြန်/ဆက်