ကျုံပျော် ဧပြီ ၈
လူငယ်များ စာဖတ်ရှိန်မြင့်မားရေး၊ အသိပညာဗဟုသုတ တိုးပွားစေရေးကို ရည်ရွယ်၍ ဧရာဝတီ တိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမတွင် Youth Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက ပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် Youth Club အဖွဲ့ဝင်များက စာရေးဆရာ အောင်သင်း ရေးသားသည့် "ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ" စာအုပ်ပါ ဟောပြောချက်၊ အမေးအဖြေကဏ္ဍနှင့် ဗေဒင်နှင့် ဘဝရည်မှန်းချက် အကြောင်းအရာများအား တစ်ဦးခြင်း ထုတ်နှုတ်ဖတ်ကြားကာ၊ တက်ရောက်လာသူများက ဖတ်ကြားသည့် အကြောင်းအရာများအလိုက် အသီးသီး ဆွေးနွေး၍ ဗဟုသုတ၊အမြင်ခြင်း ဖလှယ်ခဲ့ကြသည်။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေဗဟုသုတ တိုးပွား ရရှိစေရန် စာကြည့်တိုက်ဖွင့်လှစ်၍ စာအုပ်စာစောင်များ ဌားရမ်းဝန် ဆောင်မှုပေးခြင်း၊ ကလေး စာဖတ်ခန်းဖွင့်လှစ်၍ ကလေးဘဝမှစ၍စာပေဖတ်ရှုမှု အလေ့အကျင့်ကောင်းရရှိရန် ပျိုးထောင် ပေးခြင်းနှင့် ယခုကဲ့သို့ စာဖတ်ဝိုင်းဆွေးနွေးပွဲများ ပြုလုပ်ကာ စာပေဗဟုသုတ တိုးပွားရေး လုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လပြည့်ဦး (ပြန်/ဆက်)