အင်္ဂပူ ဧပြီ-၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ခြောက်ရွာကျေး ရွာအုပ်စု၊ ကျုံပိုကျေးရွာနှင့် ဒေါင့်ကြီးကျေးရွာတို့တွင် ဧပြီ ၇ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်အချိန်ခန့်က ရုတ်တရက် လေပြင်းတိုင်ခတ်ပြီး မိုးရွာခြင်းများဖြစ်ပေါ်မှုကြောင့် လူနေအိမ် ၃ လုံး ပြိုကျခြင်း၊ လူနေအိမ် ၁ လုံးအမိုးလန်ခြင်းနှင့် ဘုန်းကြီးကျောင်း ၁ ကျောင်းအမိုးလန်ခြင်းများ ဖြစ်ပေါ်ခဲ့ရာ ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သွားရောက် ထောက်ပံ့ခဲ့ကြောင်းသိရသည်။
လေပြင်းတိုက်ခတ်မှုဖြစ်ပွားရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာချမ်းမြေ့နှင့် တာဝန်ရှိသူများမှ ပေးအပ်ရာလေဘေးသင့်အိမ် ထောင်စုများက လက်ခံရယူခဲ့သည်။
အဆိုပါ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ၊ ကျုံပိုကျေးရွာမှ ပြိုကျ လူနေအိမ် ၃ လုံးနှင့် အမိုးလန် လူနေအိမ် ၁ လုံးတို့မှ စုစုပေါင်း လူတစ်ဦးရေ ၁၅ ဦး အတွက် တစ်ဦးလျှင် ဆန် ၂ ပြည်နှုန်းနှင့် စုစုပေါင်းဆန် ၃၀ ပြည်၊ အမိုးလန်ပျက်စီးခဲ့သောဒေါင့်ကြီးကျေးရွာမှ ဘုန်းတော်ကြီး ကျောင်း တစ်ကျောင်းအား အလှူငွေ ၁ သိန်း ကျပ် ပေးအပ်လှူဒါန်းခဲ့ပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုးပါ ပုံး(၃)ပုံးအား ပြိုကျပျက်စီးခဲ့သည့် အိမ်ထောင်စု ၃ စုအား ထောက်ပံ့ကြောင်းသိရသည်။
မန်းကျော် အင်္ဂပူ(ပြန်/ဆက်)