ဇလွန် ဧပြီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးကြိုကာလ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ကြဲပက်စိုက်ပျိုးပွဲနှင့် အသိပညာပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ဖက်သောင်ကျေးရွာအုပ်စုရှိ ကွင်းအမှတ် ၁၈၄၂၊ ၂၂ /၂ ရှိ တောင်သူ ရွှေထူးနှင့်တောင်သူ (၄)ဦးပါ လယ်ယာမြေ (၂၅)ဧကတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
လယ်ယာမြေများတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးခြင်းဖြင့် အချိန်တိုကာလအတွင်း သစ်စိမ်း မြေသြဇာ၊ ဇီဝမြေသြဇာနှင့်သစ်ဆွေးဓာတ်များ ရရှိနိုင်၍ လယ်ယာမြေအတွင်းရှိ ပေါင်းပင်များကို နှိမ်နင်းနိုင်ပြီး အကျိုးပြု အနုဇီဝပိုးများ၊ မြေဆီလွှာအတွင်းရှိ အကျိုးပြု သက်ရှိများကိုလည်း အသက်ရှင် တိုးပွား စေနိုင်ကြောင်း ၊ ဓာတ်မြေသြဇာသုံးစွဲမှုအား လျှော့ချနိုင်ပြီး သဘာဝပတ်ဝန်းကျင်ရှိ မြေဆီလွှာနှင့်ရေတို့ကို ဓာတုအဆိပ်သင့်မှု လျော့နည်းစေကာ မြေဆီလွှာ၏ ချဉ်ငံဓာတ်ကိုလည်း ထိန်းညှိပေးသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း၊ ပိုက်ဆံလျှော် သီးနှံစိုက်ပျိူးရာတွင် ရာသီဥတုအခြေအနေပေးပါက တစ်ဧကလျင် သစ်စိမ်းမြေသြဇာ (၅)တန်မှ (၇)တန်အထိ ရရှိနိုင်ပြီး ပုလဲဓာတ်မြေသြဇာ(၂)အိတ်နှင့် ညီမျှသော နိုက်ထရိုဂျင် ဓာတ်များ ရရှိနိုင်ကြောင်းနှင့် ပိုက်ဆံလျှော်သီးနှံ စိုက်ပျိုးခြင်းအကျိုးကျေးဇူးများကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်ကျော်စိုးက တောင်သူများအား အသိပညာပေးပြောကြား၍ ပိုက်ဆံလျှော် ကြဲပက် စိုက်ပျိုးခဲ့ကြသည်။
အဆိုပါ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ကြဲပက်စိုက်ပျိုးပွဲသို့ ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးစိန်မောင်မြင့်၊ ဟင်္သာတခရိုင် ဦးစီးမှူး ဦးမျိုးမင်းလွင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် အဖွဲ့ဝင်များဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝေယံ - ဇလွန် (ပြန် / ဆက်)